မြဝတီ၊ နိုဝင်ဘာ ၂၄
ကရင်ပြည်နယ်ရှိ ကျားဖြန့်လုပ်ငန်းတွေ တည်ရှိရာ ဒေသအနီး စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေး တပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်လာနေချိန် မြန်မာနဲ့ ထိစပ်နေတဲ့ နယ်စပ် တလျှောက်ကို ကာကွယ်ရေး အရှိန်မြှင့် ဆောင်ရွက်ဖို့ အသင့်ရှိကြောင်း ထိုင်းတတိယစစ်ဒေသက ထပ်မံ အတည်ပြု ပြောကြားပါတယ်။
ထိုင်းနယ်စပ်နဲ့ ၁ ကီလိုမီတာလောက်ပဲ ဝေးတဲ့ နေရာမှာ နိုဝင်ဘာ ၂၂ ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် တာ့ခ်ပြည်နယ် မဲဆောက်ဒေသမှာ စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။

KNU တပ်မဟာ ၆ နဲ့ မြန်မာ စစ်တပ်တပ်မ ၂၂ တို့ကြား မဲဆောက်နဲ့ မျက်နှာချင်းဆိုင် မြဝတီမြို့ မင်းလက်ပံရွာအနီး တိုက်ပွဲ ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြထားပါတယ်။
တိုက်ပွဲအတွင်း မြန်မာစစ်တပ်က တော်လှန်ရေးတပ်တွေကို ကြီးကြီးမားမား ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တယ်လို့ အဲဒီ သတင်းမှာ ဖော်ပြထားပါတယ်။
၆၀ မမ လက်နက်ကြီး ကျည်တစ်လုံး မယ်ခွန်ခန်ဒေသသို့ ကျရောက်ခဲ့ပြီး အိမ်လေးလုံးနဲ့ ကားတစ်စီး ပျက်စီးခဲ့ပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေ မရှိပေမယ့် အဲဒီ ဖြစ်ရပ်ကြောင့် ဒေသခံတွေ ထိတ်လန့်သွားခဲ့ ပါတယ်။
ဒါကို တုံ့ပြန်တဲ့အနေနဲ့ ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေက ၁၂၀ မမ မီးခိုးကျည်နဲ့ သတိပေးပစ်ခတ်ခဲ့ပြီး သတိအနေအထားရှိမှုကို တိုးမြှင့်ထားခဲ့ပါတယ်။
အဲဒီနောက်ပိုင်း နယ်စပ်တလျှောက် ဘေးကင်းရာနေရာမှာ မြန်မာနိုင်ငံသား စုစုပေါင်း ၁၂၅ ဦး ခိုလှုံလာပြီး ထိုင်းအရာရှိတွေက လူသားချင်း စာနာထောက်ထားရေး အကူအညီတွေ ပေးနေပါတယ်။
လက်နက်ကြီး ကျည်ကျရောက်ရာ နေရာဆီ ထိုင်း အမှတ် ၃ စစ်တပ် အကြီးအကဲနဲ့တခြား စစ်ဖက်ဆိုင်ရာ အရာရှိတွေ နိုဝင်ဘာ ၂၃ ရက်က သွားရောက် စစ်ဆေးခဲ့ပါတယ်။
ဒါက ရက်ပိုင်းအတွင်း ဒုတိယမြောက် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှု ဖြစ်တာကြောင့် စိုးရိမ်မိကြောင်း ထိုင်းစစ်ဖက်ဆိုင်ရာ အရာရှိတွေက ပြောပါတယ်။
နိုဝင်ဘာ ၂၃ ရက်အထိ မင်းလက်ပံရွာကို KNU က ထိန်းချုပ်ထားဆဲ ဖြစ်တယ်လို့ ထိုင်း အရာရှိတွေက ပြောထားပါတယ်။
အဲဒီ ရွာဟာ နိုင်ငံဖြတ်ကျော် ကျားဖြန့်လုပ်ငန်းတွေ ရှိတဲ့ နေရာ ဖြစ်တယ်လို့လည်း ထိုင်း အရာရှိတွေက ပြောပါတယ်။
ထိုင်းနိုင်ငံရဲ့ အချုပ်အခြာ အာဏာနဲ့ နယ်စပ်မှာ နေထိုင်ကြတဲ့ ဒေသခံတွေရဲ့ အသက်အိုးအိမ် စည်းစိမ်းတွေ ကာကွယ်ရေး အသင့်ပြင်ထားကြောင်း ရာချာမာနု တပ်ဖွဲ့က ပြောကြားပြီး နယ်စပ် လုံခြုံရေးကို တင်းကြပ်ထားပါတယ်။
နယ်စပ်ကာကွယ်ရေး တပ်ဖွဲ့တွေက အခြေအနေကို ၂၄ နာရီ စောင့်ကြည့်နေပြီး ထိုင်းနိုင်ငံသားတွေ အန္တရာယ် ကျရောက်လာရင် ဒါမှမဟုတ် ချိုးဖောက်မှု တစ်စုံတခု ရှိလာရင် တုံ့ပြန်ဖို့ အသင့်ရှိတယ်လို့ ထိုင်းစစ်တပ်က ပြောပါတယ်။
နယ်စပ်မှာ နေထိုင်သူတွေအနေနဲ့ ထိုင်းစစ်တပ်က သူတို့ရဲ့ ဘေးကင်းရေး တာဝန်ယူနိုင်စွမ်း ရှိတယ်ဆိုတာကို ယုံယုံကြည်ကြည်နဲ့ နေထိုင်ကြဖို့လည်း ထိုင်းစစ်တပ်က အကြံပေးထားပါတယ်။
Ref:Bangkokpost

