ကျီးကွန်း၊ အောက်တိုဘာ ၃၀

တရုတ်က သူတို့ရဲ့ အာကာသစခန်းသို့ စေလွှတ်ဖို့ စီစဉ်ထားတဲ့ ခရီးစဉ်မှာ တရုတ်နိုင်ငံရဲ့ အသက်အငယ်ဆုံး အာကာသယာဉ်မှူးနဲ့ စမ်းသပ်ခံ ကြွက် လေးကောင် လိုက်ပါသွားမှာ ဖြစ်ကြောင်း အာဏာပိုင်တွေက အောက်တိုဘာ ၃၀ ရက်က ပြောပါတယ်။

တီယန်ကုန်း အာကာသစခန်းမှာ တရုတ်က အာကာသယာဉ်မှူး ၃ ဦးထားရှိပြီး ၆ လကြာတိုင်း အလဲအလှယ် လုပ်ပေးနေပါတယ်။

အာကာသ နည်းပညာမှာ အမေရိကန်နဲ့ရုရှားကို အမီလိုက်နိုင်ရေး တရုတ်က ဒေါ်လာ ဘီလီယံပေါင်းများစွာ ကုန်ကျခံပြီး အဲဒီ အာကာသစခန်းကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။

ရှန်ကျိုး-၂၁ အာကာသယာဉ်ဟာ အောက်တိုဘာ ၃၁ ရက် နေ့လယ် ၁ နာရီ ၄၄ မိနစ်မှာ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ကျီးကွန်း ဂြိုဟ်တုလွှတ်တင်ရေး စင်တာကနေ ထွက်ခွာမှာ ဖြစ်တယ်လို့ တရုတ် အာကာသအေဂျင်စီ CMSA ပြောရေးဆိုခွင့်ရှိသူ ကျန်းကျင်းပိုက ပြောပါတယ်။

အာကာသခရီးစဉ် အင်ဂျင်နီယာ အသက် ၃၁ နှစ် ပြည့်ပြီးခါစ ဝူဖေးဟာ တရုတ် အာကာသ ခရီးစဉ်မှာ လိုက်ပါမယ့် အသက်အငယ်ဆုံး အာကာသယာဉ်မှူး ဖြစ်တယ်လို့ အရာရှိတွေက ပြောပါတယ်။

သူ့ကို လွန်ခဲ့တဲ့ ၂ နှစ်ကျော်က ရှန်ကျိုး-၁၅ အာကာသယာဉ်နဲ့ လိုက်ပါခဲ့တဲ့ ဝါရင့် အာကာသယာဉ်မှူး ကျန်းလူ ၄၈ နှစ်က ကွက်ကဲမှာ ဖြစ်ပါတယ်။

ဝန်တင်ပညာရှင် အသက် ၃၉ နှစ်အရွယ် ကျန်းဟောင်ရှန်းလည်း အာကာသယာဉ်နဲ့ လိုက်ပါသွားမှာ ဖြစ်ပြီး တရုတ် အာကာသစခန်းမှာ ရှိနေတဲ့ အာကာသယာဉ်မှူး ၃ ဦးရဲ့ တာဝန်တွေကို အစားထိုး တာဝန်ယူမှာ ဖြစ်ပါတယ်။

သူတို့နဲ့အတူ စမ်းသပ်ခံ ကြွက် အထီးနှစ်ကောင်နဲ့ အမနှစ်ကောင်လည်း လိုက်ပါသွားမှာ ဖြစ်ပြီး ဒါဟာ တရုတ်က အာကာသထဲကို ကြွက်တွေ စေလွှတ်ပြီး ပထမဆုံးစမ်းသပ်မှု ဖြစ်လာမှာ ဖြစ်ပါတယ်။

ဂြိုဟ်ပတ်လမ်းသို့ တတိယအကြိမ်မြောက် လူသားစေလွှတ်မှု ဖြစ်လာမယ့် ဘေဂျင်းရဲ့ အာကာသစီမံကိန်းဟာ အင်္ဂါဂြိုဟ်နဲ့ လပေါ်သို့လည်း စက်ရုပ်ယာဉ်တွေ စေလွှတ်ခဲ့ဖူးပါတယ်။

တရုတ်က ၂၀၃၀ ပြည့်နှစ်မှာ လပေါ်သို့ လူလိုက်ပါတဲ့ အာကာယာဉ် စေလွှတ်ပြီး လမျက်နှာပြင်ပေါ်မှာ အခြေစိုက်စခန်း တစ်ခုတည်ဆောက်ဖို့ စီစဉ်ထားပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.