မော်လမြိုင် ၊ အောက်တိုဘာ ၃၀
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ် ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးနေပေမယ့် ပြည်သူတွေ စိတ်ဝင်စားမှု မရှိဘူးလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အာဏာသိမ်း စစ်ကော်မရှင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကို အောက်တိုဘာ ၂၈ ရက်နေ့ကနေ ဒီဇင်ဘာ ၂၆ ရက်နေ့အထိ ရက်ပေါင်း ၆၀ မဲဆွယ် စည်းရုံးခွင့်ပြုထားတာပါ။
မဲဆွယ်စည်းရုံးခွင့်ပြုထားတဲ့အတွက် ဒေသတွင်းမှာ နိုင်ငံရေးပါတီတချို့က ကိုယ်စားလှယ်လောင်းတွေဟာ မြေပြင် ကွင်းဆင်းပြီး ကတိကဝတ်အမျိုးမျိုးပေးကာ ပြည်သူတွေကို မဲဆွယ်စည်းရုံးမှုတွေ စတင်လုပ်ဆောင်နေတာပါ။
ဒေသခံ တစ်ဦးကတော့ ကိုယ်စားလှယ်လောင်းတွေ ဒေသတွင်းမှာ မဲဆွယ်စည်းရုံးမှုတွေ ပြုလုပ်နေပေမယ့် ပြည်သူ လူထုတွေအနေနဲ့ စိတ်ဝင်စားမှု အရမ်းနည်းတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“မဲဆွယ်တာတော့ ကြံ့ခိုင်ရေးပေါ့။ ကြံ့ခိုင်ရေးကတော့ မဲဆွယ်နေတာပေါ့။နောက်ပြီးတော့ဟို ဦးကိုကိုကြီး ပါတီလေ ပြည်သူ့ပါတီရယ်။ PPP ကတော့ အရင်ရက်တွေကတော့ တွေ့တယ်။ မွန်ပါတီကတော့ လောလောဆယ်မှာ လှုပ်ရှားမှု မတွေ့ဘူး။ ပြည်သူလူထု စိတ်ဝင်စားမှုကတော့ စိတ်ရင်းအမှန်ကို စိစစ်မယ်ဆိုရင်တော့ စိတ်ဝင်စားမှုကတော့ အရမ်း နည်းတာပေါ့”လို့ ဆိုပါတယ်။
လက်ရှိမှာ နိုင်ငံရေးပါတီတွေဟာ မဲဆွယ်စည်းရုံးရေး ဟောပြောပွဲတွေအတွက် ဒေသတွင်းက ပြည်သူတွေကို ဖိတ်ကြားပေမယ့် အများစုသွားရောက်တာ မရှိသလို သူတို့ ပါတီဝင်တွေ၊ ပါတီဝင်တွေနဲ့ နီးစပ်သူတွေအပြင် လက်ဆောင်လိုချင်တဲ့ သူတွေလောက်သာ သွားရောက်တာ ရှိတယ်လို့ သူက ဆက်ပြောပါတယ်။
ဒေသခံ နောက်တစ်ဦးကလည်း ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်ပေမယ့် ပြည်သူက လက်မခံသလို သူတို့ ဘယ်လို စည်းရုံး စည်းရုံး အယုံအကြည် မရှိဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ကျွန်တော်တို့ ရပ်ကွက်ဘက်မှာတော့ သူတို့ မဲဆွယ်လည်း ပြည်သူက သူတို့ကို လက်မှမခံတာ။ သူတို့ကို ဘောမနေတဲ့ ဘောမတွေ လောက်ပဲ သူတို့ကို လက်ခံမှာလေ။ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သူ့ဟာသူ ဘယ်လိုပဲ စည်းရုံး စည်းရုံး ကျွန်တော်တို့ကတော့ အယုံအကြည် မရှိဘူး”လို့ ဆိုပါတယ်။
တဖက်မှာ စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်နိုင်ဖို့အတွက်ဆိုကာ ဒေသတွင်းမှာတော့ လုံခြုံရေး တိုးမြှင့်ပြီး နေ့စဉ် ပိတ်ဆို့ စစ်ဆေးမှုတွေ လုပ်ဆောင်နေတာပါ။
ဒါ့အပြင် ရွေးကောက်ပွဲအတွက် မဲဆွယ်ကြမယ့် နိုင်ငံရေးပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေကို လူစုလူဝေးနဲ့ စီတန်း လှည့်လည် မဲဆွယ်စည်းရုံးတာတွေ ပိတ်ပင်ထားပေမယ့် လူနည်းစုနဲ့ သွားလာ စည်းရုံးတာတွေကိုတော့ ခွင့်ပြုပေးထားတာ ဖြစ်ပါတယ်။
စစ်ကော်မရှင်က လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ပြုလုပ်မယ့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၁ မှာတော့ မွန်ပြည်နယ် အတွင်းက ကျိုက်ထို၊ သထုံ၊ မော်လမြိုင်၊ ချောင်းဆုံနဲ့ ကျိုက်မရောမြို့နယ်တို့မှာ ကျင်းပပြုလုပ်သွားမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားတာပါ။
မွန်ပြည်နယ်မှာတော့ အာဏာသိမ်း စစ်ကော်မရှင်က ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲကို တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တစ်ဦးအပါအဝင် နိုင်ငံရေးပါတီ ၉ ခုက ကိုယ်စားလှယ်လောင်း ၂၅၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ဖို့ အမည်စာရင်း တင်သွင်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-USDP

