မြဝတီ၊ အောက်တိုဘာ ၃၁
ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်မှာရှိတဲ့ ဖလူးကျေးရွာထဲကို အခုရက်ပိုင်းထဲမှာ စစ်ကော်မရှင်တပ်က လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေပြီး ဒေသခံရွာသူရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မြဝတီမြို့တောင်ဘက်မှာရှိတဲ့ လေးကေကော်မြို့သစ်ကို အောက်တိုဘာ ၁၇ ရက်နေ့က စစ်ကော် မရှင်တပ် ပြန်လည်ထိန်းချုပ်နိုင်ပြီးနောက် မြဝတီ-ဝေါ်လေ လမ်းပိုင်းဘက်ကို ထိုးစစ်ဆင်လာခဲ့ရာ KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ နေ့စဉ်လိုလို ဖြစ်ပွားလျက်ရှိနေတာပါ။
စစ်ကော်မရှင်တပ်ဟာ မြဝတီ-ဝေါ်လေ လမ်းပိုင်းက အင်ကြင်းမြိုင်ရွာကနေ မင်းလက်ပံကျေးရွာဘက်ကို စစ်ကြောင်းထိုးစစ်ဆင်တိုက်ခိုက်နေသလို လေးကေကော် မယ်ဝါးခီးကနေတစ်ဆင့် ဖလူးကျေးရွာဘက်ကို ဦးတည်လာပြီး စစ်ကြောင်းထိုးလာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
ဖလူးကျေးရွာထဲကို အောက်တိုဘာ ၃၀ ရက်နေ့ နေ့လည်ပိုင်းက စစ်ကော်မရှင်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့သလို လေယာဉ်နဲ့လည်း လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံရွာသူရွာသားတွေက တော့ အခြားဘေးလွတ်ရာနေရာတွေဆီ ထွက်ပြေးတိမ်းရှောင်နေခဲ့ရတယ်လို့ သိရပါတယ်။
စစ်ကော်မရှင်တပ်ကတော့ ရွေးကောက်ပွဲကျင်းပမယ့် ဒီဇင်ဘာလ မတိုင်ခင် မြဝတီ-ဝေါ်လေ လမ်းပိုင်းတစ်လျှောက်ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးစားလုပ်ဆောင်နေပြီး တော်လှန်ရေးအင်အားစုတွေဘက်ကလည်း အပြင်းအထန်ခုခံတိုက်ခိုက်နေတဲ့အတွက် စစ်ကော်မရှင်တပ်ဘက်မှာ ထိခိုက်သေဆုံးမှုများပြားခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေက ထုတ်ပြန်ထားပါတယ်။
လေးကေကော်တိုက်ပွဲနဲ့ မြဝတီ-ဝေါ်လေ လမ်းပိုင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် လေးကေကော်၊ ပဟီးကလော်၊ ထီးမယ်ဝါးခီး၊ မင်းလက်ပံ၊ ဖလူး စတဲ့ ကျေးရွာတွေက ဒေသခံပြည်သူ ထောင်ချီဟာ ဘေးလွတ်ရာနေရာတွေဆီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ရှောင်အရေးဆောင်ရွက်နေသူတွေဆီကနေ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

