“မြို့ကြီးဘက်ခြမ်းမှာ နေတဲ့သူတွေကျတော့ ညအချိန်မတော်ထွက်လာတဲ့ သူတွေ ခရီးသွားတဲ့သူတွေလည်း သူတို့ဖမ်းဆီးမှုတွေ ပြုလုပ်တာတွေလည်း တွေ့ရတယ်” – နိုင်မရော့မွန် (အဖွဲ့ ပြောခွင့်ရ)
မြန်မာပြည်တောင်ပိုင်း လူသားချင်း စာနာထောက်ထားမှု ကွန်ယက်ကနေ ပြီးခဲ့တဲ့ စက်တင်ဘာမှာ ဖြစ်ပွားခဲ့တဲ့ ဒေသတွင်း လုံခြုံရေးအပါအဝင် စစ်တပ်ရဲ့ စစ်အရှိန်မြှင့်မှု တိုက်ပွဲဖြစ်စဉ်တွေနဲ့ နေရပ်စွန့်ခွာရမှုအခြေအနေတွေကို အစီရင်ခံစာတစ်စောင် မကြာသေးမီက ထုတ်ပြန်ထားပါတယ်။
အဲဒီ မြန်မာပြည်တောင်ပိုင်းအခြေပြု အစီရင်ခံစာထဲမှာ မွန်ပြည်နယ်အတွင်းရှိ ဒေသတိုင်းမှာ စစ်ကော်မရှင်ရဲ့ စစ်တပ်က လူငယ်တွေကို ပစ်မှတ်ထားပြီး မတရား ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတယ်လို့ အစီအရင်ခံစာမှာ ဖော်ပြထားတာ တွေ့ရတယ်။
လက်ရှိ မြန်မာပြည်တောင်ပိုင်း မွန်၊ ကရင်၊ တနင်္သာရီက စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းစုဆောင်းမှုအခြေအနေ၊ တိုက်ပွဲဖြစ်ပွားမှုအခြေအနေတွေနဲ့ စစ်ဘေးရှောင်တွေရဲ့ အခက်အခဲတွေအကြောင်း အဖွဲ့ရဲ့ ပြောခွင့်ရ နိုင်မရော့မွန်နဲ့ သံလွင်တိုင်းမ်က အခုလိုပဲ မေးကြည့်ထားပါတယ်။
မေး – ဒါက မြေပြင်မှာ ဘယ်လောက်အခြေအနေအထိ ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်လာနေပြီလဲ။ စက်တင်ဘာ တစ်လအတွင်း မွန်ပြည်နယ်က လူငယ်ဘယ်လောက်အထိ ဖမ်းဆီးခံခဲ့ရတာလဲ။
ဖြေ – စစ်ကော်မရှင်က မွန်ပြည်နယ်အတွင်းမှာ ရှိတဲ့ သူတို့ရဲ့စစ်ဆေးရေးဂိတ်တွေ အများစုက လူငယ်တွေအပေါ်မှာ ပစ်မှတ်ထားပြီးတော့ စစ်ဆေးရေးတွေလုပ်တယ်။ ခရီးသွားလာတဲ့ မော်တော်ဆိုင်ကယ်တွေကျတော့ တစ်ခု မဟုတ် တစ်ခုရှာ ဖမ်းတယ်။
ဖမ်းပြီးတော့ ငွေကြေးတတ်နိုင်တဲ့သူတွေကျတော့ ငွေကြေးပေးပြီး ပြန်လွတ်လာတာ ရှိတယ်။ ငွေကြေးမတတ်နိုင်တဲ့သူတွေကျတော့ စစ်သင်တန်းကို အတင်းပို့တယ်။
မွန်ပြည်နယ်မှာ ကောက်ခံရရှိတဲ့ အချက်အလက်အရ မွန်ပြည်နယ်အတွင်းမှာ လူငယ် ၅၀ ထက်မနည်း အဖမ်းခံထိတယ်။ ငါးဆယ်ထက် မနည်းမှာ အနည်းစုက ပြန်လွတ်လာတာရှိသလို ပြန်မလွတ်လာတဲ့လူတွေလည်း ရှိတယ်။
မြို့ကြီးဘက်ခြမ်းမှာ နေတဲ့သူတွေကျတော့ ညအချိန်မတော်ထွက်လာတဲ့ သူတွေ ညအချိန်မတော် ခရီးသွားတဲ့သူတွေလည်း သူတို့ဖမ်းဆီးမှုတွေ ပြုလုပ်တာတွေလည်း တွေ့ရတယ်။
ခုနက ကျွန်တော်ပြောတဲ့ ငါးဆယ်ထက်မနည်းကတော့ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း တခြားလတွေ အချက်အလက် မပါသေးဘူး။ ကြာအင်းဆိပ်ကြီးဘက်ခြမ်း စက်တင်ဘာနောက်ဆုံးပတ်ကနေ အောက်တိုဘာ ပထမပတ်အထိပေါ့။
စစ်ကော်မရှင်က သူတို့စစ်ကြောင်းထိုးမှုတွေ စတင်လာတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အောက်တိုဘာလပထမပတ်မှာ တိုက်ပွဲပြင်းထန် နှစ်ရက်ဖြစ်ပွားတယ်။ အရပ်သားထိခိုက်မှုတွေ ရှိတယ်။ အနီးနားမှာရှိတဲ့ ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်တဲ့ အနေအထားကို ကျွန်တော်တို့ တွေ့ရတယ်။
မေး – နောက်တစ်ချက်က မွန်ပြည်နယ်အစပ် ကရင်ပြည်နယ်က ကြာအင်းဆိပ်ကြီးနဲ့ ကော့ကရိတ်မြို့နယ်ဘက်မှာလည်း စစ်တပ်ရဲ့ စစ်ကြောင်းထိုးမှုက အရှိန်မြှင့်လာနေတယ်၊ နှစ်ဘက်ထိတွေ့တိုက်ပွဲကလည်း ပြင်းထန်လာနေတယ်။ အဲဒီရဲ့ နောက်ဆက်တွဲအနေနဲ့ ဒေသခံတွေရဲ့ လုံခြုံရေး၊ အသက်၊ အိုးအိမ် ထိခိုက်မှုတွေ နေရပ်စွန့်ခွာ ထွက်ပြေးရမှုက ဘယ်လိုမျိုး ဖြစ်ပေါ်နေမလဲ။
ဖြေ – ဒီတိုက်ပွဲဖြစ်ပွားတဲ့ နှစ်ရက်ပြီးတဲ့နောက်မှာ လက်နက်ချင်း တိုက်ခိုက်တာတွေကလည်း နည်းသွားတယ်။ စစ်ကော်မရှင်က လက်နက်ကြီးနဲ့ ပစ်တယ်။ တော်လှန်ရေးဘက်ကလည်း ကျွန်တော်တို့နဲ့ပြန်ပစ်တယ်။
အဲဒီအနေအထားကိုလည်း ပြန်လည်ရောက်ရှိလာတယ်ပေါ့။ နောက်ပြီးတော့ စစ်ဘေးရှောင်တွေက တိုက်ပွဲ ဖြစ်နေတဲ့ကာလအတွင်းမှာ သူတို့ရှာနေကြတယ်။ တိုက်ပွဲပြိးသွားတဲ့အခါ သူတို့ရပ်ရွာကို ခဏတဖြုတ် ပြန်လာနိုင်တဲ့ အနေအထားပေါ့။ စစ်ဘေးရှောင်တွေကျတော့ ပြေးလိုက်ပြန်လိုက် အနေအထား ဖြစ်နေတယ်။
မေး – တနင်္သာရီတိုင်း ရေဖြူဒေသဘက်မှာရော စစ်တပ်ဘက်က စစ်ကြောင်းထိုးဝင်ရောက်မှုအတွင်း အရပ်သားတွေရဲ့ အသက်၊ အိုးအိမ်၊စည်းစိမ် နေအိမ်ပိုင်ဆိုင်မှုတွေကို ဘယ်လိုမျိုး ကျူးလွန်နေတာ ရှိမလဲ။ ဒီအတွက်ကြောင့် ဒေသခံအရပ်သားပြည်သူတွေ ဘယ်လိုဒုက္ခရောက်နေလဲ။
ဖြေ – တနင်္သာရီတိုင်း ရေဖြူမှာတော့ နှစ်ပိုင်းရှိတယ်။ ပထမပိုင်းက ဒီဩဂုတ် လလယ်ပိုင်းလောက်မှာဖြစ်တဲ့ တိုက်ပွဲမှာကျတော့ စက်တင်ဘာလ ဒုတိယပတ်လောက်မှာ စစ်ကော်မရှင်စစ်ကြောင်း ပြန်ဆုတ်သွားတယ်။
အဲဒီတိုက်ပွဲမှာကျတော့ စစ်ကော်မရှင်က လမ်းမကြီးတန်းမှာရှိတဲ့ ကျေးရွာတွေ မှာ အများစုကျတော့ အရပ်သားတွေရဲ့ ဆိုင်ကယ်တို့ တန်ဖိုးကြီးပစ္စည်းတွေခိုးယူမှုတွေ သူတို့ လုပ်သွားတာကို တွေ့ရတယ်။
စက်တင်ဘာလ နောက်ဆုံးပတ်မှာ လောင်းလုံမြို့နယ်ကနေတဆင့် ထားဝယ်ရေနက်ဆိပ်ကမ်း အနီးအနားမှာ စစ်ကြောင်းထိုး ဝင်လာတယ်။ စစ်ကြောင်းထိုးဝင်လာချိန်မှာ တော်လှန်ရေးအဖွဲ့နဲ့ အပြင်းအထန် တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲဖြစ်တဲ့ ကာလတလျှောက်မှာလည်း အရပ်သားတွေရဲ့ ပစ္စည်းတွေကို သူတို့ဖျက်ဆီးခဲ့တာလည်း ရှိတယ်။
မေး – မြန်မာပြည်တောင်ပိုင်း လူသားချင်းစာနာထောက်ထားမှုကွန်ယက်ရဲ့ အချက်အလက်ကောက်ခံရာ မွန်၊ ကရင်နဲ့ တနင်္သာရီဒေသတွေမှာ စစ်ဘေးသင့်ပြည်သူတွေရဲ့ ရွှေ့ပြောင်းနေထိုင်မှုက ဘယ်လိုရှိမလဲ၊ ဒီအပေါ် ဘာတွေ ခက်ခဲလဲ၊ ဘာတွေ လိုအပ်နေမလဲ။
ဖြေ – လက်လှမ်းမီရာ ဒေသဖြစ်တဲ့ မွန် ကရင် တနင်္သာရီမှာ အများအားဖြင့် စစ်ဘေးရှောင်တွေက ရေဖြူ တွေကျတော့ နေရပ်သို့ ပြန်သွားတဲ့အနေအထားရှိတယ်။ ကျန်တဲ့မြို့နယ်တွေကတော့ အနည်းငယ်ပဲ ရှိနေတယ်။
သူတို့အနေနဲ့ စစ်ဘေးရှောင်နေကြတာ တစ်လကျော် နှစ်လနီးပါးဖြစ်တော့ သူတို့အနေနဲ့ ခက်ခဲမှု များစွာရှိတယ်။ စားနပ်ရိက္ခာနဲ့ ဆေးဝါးပိုင်းမှာကျတော့ အများကြီးလိုအပ်တယ်ပေါ့နော်။ အများစုကတော့ သူတို့နေရာအသီးသီးကို သူတို့ပြန်သွားကြပြီ အနည်းစုကတော့ စစ်ရှောင်စခန်းမှာရှိနေတုန်းပဲ အချက်အလက်ရှိပါတယ်။
မေး – လူသားချင်းစာနာထောက်ထားမှုနဲ့ပတ်သက်ပြီး ဒေသတွင်းနဲ့ နိုင်ငံတကာက အဖွဲ့အစည်းတွေကို ဘာများ အကြုံပြု တိုက်တွန်းတောင်းဆိုချင်တာ ရှိမလဲ။
ဖြေ – နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုချင်တာက လက်ရှိစစ်ရှောင်တွေကို လူသားချင်းစာနာထောက်ထားမှု လိုအပ်ချက်များကို လျင်မြန်စွာ တုံ့ပြန်ဖို့ နောက်ပြီး လူသားချင်းဆိုင်ရာ ထောက်ထားမှုတွေကို ဒီကော်မရှင်နဲ့ ချိတ်ဆက်မှု မလုပ်ဘဲ ပြည်တွင်းမှာ ရှိတဲ့ အရပ်ဖက်အဖွဲ့တွေ နဲ့ အန်ဂျီအိုအဖွဲ့တွေနဲ့ နီးနီးကပ်ကပ် လုပ်ဆောင်ပြီး စစ်ဘေးရှောင်ထောက်ပံ့ရေးကို လုပ်ဆောင်စေချင်ပါတယ်။ ဒါကတော့ ကျွန်တော်တို့ အကြံပြုချက်အကျဉ်းချုပ်ပေါ့။
သံလွင်တိုင်းမ်