ကွာလာလမ်ပူ၊ အောက်တိုဘာ ၉

မြန်မာနိုင်ငံရဲ့ ထိပ်တန်း ခေါင်းဆောင်ပိုင်းနဲ့ တွေ့ဆုံ ဆွေးနွေးရေး မလေးရှား နိုင်ငံခြားရေး ဝန်ကြီး ဒါတွတ် ဆီရီ မိုဟာမက် ဟာဆန် မြန်မာနိုင်ငံသို့ ရောက်ရှိနေကြောင်း မလေးရှား နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာပါတယ်။

ယာယီ သမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဝန်ကြီးချုပ် ဦးညိုစောတို့နဲ့ တွေ့ဆုံသွားမှာ ဖြစ်ကြောင်း မိုဟာမက် ဟာဆန်က လူမှုမီဒီယာမှာ ဖော်ပြထားပါတယ်။

အလုပ်သဘော သွားရောက်တဲ့ တစ်ရက်ကြာခရီးစဉ်အတွင်း စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီး ဦးသန်းဆွေနဲ့လည်း တွေ့ဆုံဆွေးနွေးသွားဖို့ ရှိတယ်လို့ မိုဟာမက် ဟာတန်က ပြောကြားပါတယ်။

နေပြည်တော်သို့ မထွက်ခွါခင် မလေးရှား တော်ဝင် လေတပ်အခြေစိုက်စခန်းကနေ ဓာတ်ပုံတင်ပြီး မြန်မာနိုင်ငံခရီးစဉ် စတင်ကြောင်း သူက ကြေညာခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံသို့ စက်တင်ဘာ ၁၉ ရက်က သွားရောက်ဖို့ စီစဉ်ထားခဲ့ပေမယ့် အခုမှာ ခရီးစဉ် စတင်တာ ဖြစ်ကြောင်း မလေးရှား နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း အတည်ပြုထား ပါတယ်။

မိုဟာမက် ဟာဆန်နဲ့ အတူ မြန်မာ နိုင်ငံဆိုင်ရာ အာဆီယံ အထူး ကိုယ်စားလှယ် တန်ဆီရီ အုတ်မန်း ဟာရှင်လည်း လိုက်ပါသွားကြောင်း သိရပါတယ်။

စစ်တပ် ထိပ်တန်း ခေါင်းဆောင်ပိုင်းနဲ့ တွေ့ဆုံချိန်မှာ မိုဟာမက် ဟာဆန်က အာဆီယံ ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည် ဖော်ရေး တိုက်တွန်းမယ်လို့ ဆိုပါတယ်။

အဓိက ဆွေးနွေးမယ့် ကိစ္စတွေမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ရပ်တန့်ရေး လူသားချင်းစာနာ ထောက်ထားမှု အကူအညီ အတားအဆီ မရှိ ပေးပို့ခွင့် ရရှိရေးတို့ ပါဝင်တယ်လို့ မလေးရှား နိုင်ငံခြား ရေး ဝန်ကြီးဌာနက ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံး ပါဝင်တဲ့ ဆွေးနွေးမှုတွေ ဖြစ်ပေါ်လာစေဖို့လည်း မလေးရှား နိုင်ငံခြားရေး ဝန်ကြီးက တိုက်တွန်းသွားမယ်လို့ ဆိုပါတယ်။

မလေးရှားအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြဿနာကို ဖြေရှင်းဖို့ ကြိုးပမ်းရာမှာ သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံးနဲ့ ဆက်လက် စေ့စပ်ညှိနှိုင်းသွားမှာ ဖြစ်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Ref: Bernama

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.