နယူးယောက်၊ အောက်တိုဘာ ၉
ကုလသမဂ္ဂမှာ ရန်ပုံငွေ မရှိတော့တာကြောင့် ကမ္ဘာတဝှမ်း ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့ဝင် ၂၅ ရာခိုင်နှုန်း လျှော့ချသွားမှာ ဖြစ်ပြီး အခုလို စီစဉ်ရတာက အမေရိကန်ရဲ့ အကူအညီ ဖြတ်တောက်မှုနဲ့ အများကြီး သက်ဆိုင်နေတယ်လို့ ကုလသမဂ္ဂ အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားပါတယ်။
စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင် ၁၃၀၀၀ ကနေ ၁၄၀၀၀ လောက်အထိ လျှော့ချမှာ ဖြစ်တဲ့အပြင် သူတို့ရဲ့ အသုံးအဆောင် ပစ္စည်းကရိယာတွေကိုပါ ပြန်သိမ်းသွားမှာ ဖြစ်ကြောင်း အမည်မဖော်လိုတဲ့ ကုလသမဂ္ဂ အကြီးတန်း အရာရှိက ပြောကြားပြီး အရပ်သား ဝန်ထမ်း အများအပြားလည်း အလုပ်အကိုင် ဆုံးရှုံးရနိုင်တယ်လို့ ပြောပါတယ်။

၂၀၂၅-၂၀၂၆ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး လုပ်ငန်းစဉ်များ အတွက် လျာတားထားတဲ့ စုစုပေါင်း ဘက်ဂျက် ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံမှာ အမေရိကန်က ၁ ဒသမ ၃ ဘီလီယံ ထည့်ဝင်မယ်လို့ မျှော်လင့်ထားခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ အဲဒီ ပမာဏရဲ့ ထက်ဝက်ကိုပဲ ထည့်ဝင်ပေးမယ်လို့ ကုလသမဂ္ဂကို အကြောင်းကြားထားကြောင့် ဟေတီ နိုင်ငံမှာ ရာဇဝတ်ဂိုဏ်း နှိမ်နှင်းရေး အစီအစဉ်တွေအတွက် ဘက်ဂျက် ပါဝင်တော့မှာ မဟုတ်ပါဘူး။
ဇူလိုင်လအထိ ထည့်ဝင်ပေးမယ်လို့ ကတိပေးထားတဲ့ ဒေါ်လာ ၂ဘီလီယံ အတွက် တရုတ်က ငြိမ်းချမ်းမှု ထိန်းသိမ်းရေး ဆိုင်ရာ ဘက်ဂျက် ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ ပေးမယ်လို့ မျှော်လင့်ရပါတယ်။

ကုလသမဂ္ဂအနေနဲ့ စုစုပေါင်း ရရှိမယ့် ဘက်ဂျက်ထဲက လက်ရှိ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးအတွက် လျာထားပမာဏ ၁၆ ရာခိုင်နှုန်းကနေ ၁၇ ရာခိုင်နှုန်း လျှော့ကျသွားမှာ ဖြစ်ပါတယ်။
နိုင်ငံတကာ အဖွဲ့အစည်းတွေဟာ အမေရိကန်ကို အခွင့်ကောင်းယူနေကြတယ်လို့ သမ္မတ ဒေါ်နယ် ထရန့်က ပြောဆိုနေတာ ကြာပြီ ဖြစ်ပြီး ဇန်နဝါရီလက အိမ်ဖြူတော်သို့ ပြန်ရောက်လာပြီးနောက်ပိုင်း ပြည်ပ အကူအညီတွေကို အများကြီး ဖြတ်တောက်ထားပါတယ်။
ကမ္ဘာတဝှမ်း ငြိမ်းချမ်းမှု ထိန်းသိမ်းရေး လုပ်ငန်းစဉ် ၁၁ ခုထဲက ၉ ခုမှာ တပ်ဖွဲ့ဝင် အင်အား ၂၅ ရာခိုင်နှုန်း လျှော့ချသွားမှာ ဖြစ်ကြောင်း အမည်မဖော်လိုတဲ့ ကုလသမဂ္ဂ အရာရှိက ပြောကြား ပါတယ်။
Ref:AFP