အမှန်/အမှား

+++++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့ “သရက်ချောင်းမြို့နယ်မှာ စစ်ကော်မရှင်တပ်သားတွေက အသက် ၇၅ နှစ်အရွယ် အဘွားအိုတစ်ဦးကို အဓမ္မပြုကျင့်ခဲ့တာ မရှိဘူး”လို့ စစ်တပ်လော်ဘီချန်နယ်တွေမှာ သတင်းမှားဖြန့်ချိနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်တပ်ဘော်ဘီတွေရဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ စက်တင်ဘာ ၂၉ ရက်နေ့က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်မှာ အရက်မူးနေတဲ့ စစ်ကော်မရှင်တပ်သားတွေက အသက် ၇၅ နှစ်အရွယ် ခြေတစ်ဖက်ဖြတ်ထားတဲ့ အဘွားအိုတစ်ဦးအား အဓမ္မပြုကျင့်ခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တဲ့အကြောင်း လွတ်လပ်သောသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

စက်တင်ဘာ ၂၇ ရက် ညနေ ၄ နာရီအချိန်လောက်မှာ စစ်ကော်မရှင်တပ်သားတွေဟာ ဆီးချိုရောဂါကြောင့် ခြေထောက်တစ်ဖက် ဖြတ်ထားရတဲ့ ဥတ္တူကျေးရွာ အဘွားအို တစ်ဦးတည်း နေအိမ်မှာ ရှိနေစဉ် အဓမ္မပြုကျင့်ခဲ့တာဖြစ်တယ်လို့ Dawei Watch သတင်းဌာနက ဒေသခံတွေရဲ့ပြောပြချက်ကို ဖော်ပြထားပါတယ်။

အဓမ္မပြုကျင့်ခံခဲ့ရတဲ့ အဘွားအိုဟာ နေအိမ်မှာ ညီမဖြစ်သူနဲ့ နှစ်ဦးတည်း နေထိုင်တာ ဖြစ်ပြီး စစ်ကြောင်းဝင်လာပြီးနောက် ညီမဖြစ်သူ စစ်ရှောင်သွားတာကြောင့် တစ်ဦးတည်း ကျန်ခဲ့တာလို့ MPA သတင်းဌာနမှာ ဖော်ပြထားပါတယ်။

စစ်တပ်ထောက်ခံသူတွေရဲ့တယ်လီဂရမ်ချန်နယ်တွေမှာ စက်တင်ဘာ၂၇ ရက်နေ့က စစ်ကော်မရှင်တပ်သားတွေ ဥတ္တူကျေးရွာကို သွားခဲ့တာ မရှိဘူးလို့ ဝါဒဖြန့်ချီနေပေမယ့် ဒေသခံတွေရဲ့ ပြောပြချက်အရ ဥတ္တူကျေးရွာသို့ ရောက်ရှိနေတဲ့ အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းဟာ စက်တင်ဘာ၂၅ ရက်နေ့ကစတင်ပြီး ရွာထဲကို ဝင်ရောက်တပ်စွဲလာတာလို့ ဖော်ပြထားပါတယ်။

Daemocacry Movement Strike Committee – Dawei

https://shorturl.at/6eSpZ

Dawei Watch သတင်းဌာနကဖော်ပြထားတဲ့လင့်

https://shorturl.at/VphPE

MPA သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းလင့်

https://shorturl.at/ri0LN

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှားဖြန့်ချိနေတာ ဖြစ်ကြောင်း သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.