ရေး၊ အောက်တိုဘာ ၁

မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့မှာ အမှတ် ၁ ရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရပြီးနောက် လူငယ် ဒါဇင်နဲ့ချီ ဖမ်းဆီးခံထားရတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့က လမိုင်းမြို့မှာ အမှတ် ၁ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်ဦးကို လက်နက်ကိုင်ထားတဲ့ လူနှစ်ဦးက သူရဲ့ နေအိမ်အရှေ့မှာပဲ သေနတ်နဲ့ ပစ်သတ်သွားတာပါ။

အုပ်ချုပ်ရေးမှူး သေနတ်နဲ့ ပစ်သတ်ခံရပြီးနောက် စစ်ကော်မရှင်တပ်နဲ့ ရဲတပ်ဖွဲ့ပူးပေါင်းအဖွဲ့တွေဟာ လမိုင်းမြို့အဝင်အထွက် လမ်းပိုင်းတွေမှာ ပိတ်ဆို့စစ်ဆေးမှုတွေ ပြုလုပ်ပြီး လမ်းသွားလမ်းလာတဲ့ လူငယ်တွေကို ဖမ်းဆီးခဲ့တာပါ။

ဒေသခံတွေရဲ့ ပြောပြချက်အရ ဖမ်းဆီးခံရတဲ့ လူငယ်တွေဟာ လမိုင်းမြို့ဒေသခံတွေအပြင် ကော့ဒွတ်နဲ့တောင်ပုံကျေးရွာအပါအဝင် အနီးပတ်ဝန်းကျင် ကျေးရွာ ဒေသခံ လူငယ်တွေ ဖြစ်ပြီး အသက် ၂၀ နဲ့ ၃၀ ဝန်းကျင်အရွယ် လူငယ်တွေ ဖြစ်တယ်လို့ ဆိုကြပါတယ်။

ဖမ်းဆီးခံရတဲ့ လူငယ်တွေကို မော့ကနင်အခြေစိုက် အမှတ် ၁၀၆ ခြေလျင်တပ်ရင်းထံ ခေါ်ဆောင် သွားပြီး စီးနင်းလာတဲ့ ဆိုင်ကယ်တွေကိုပါ တစ်ခါတည်း သိမ်းယူသွားတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့ ဒေသခံလူငယ်တွေကို မိသားစုဝင်တွေက သွားရောက်တွေ့ဆုံဖို့ကြိုးစားကြပေမယ့် တွေ့ခွင့်မပေးဘူးလို့ မိသားစုနဲ့နီးစပ်သူတွေထံကနေ သိရပါတယ်။

အလားတူ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့ကလည်း မွန်ပြည်နယ် သထုံမြို့နယ် ကရင်လေးဆိပ်ကျေးရွာကို စစ်ကော်မရှင်တပ် ဝင်ရောက်စီးနင်းပြီးနောက် အသက်မပြည့်သေးတဲ့ ကလေးတွေအပါအဝင် ဒေသခံ ၃၀ ကျော်ကို ဖမ်းဆီးသွားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.