မော်လမြိုင် ၊ အောက်တိုဘာ ၁

အာဏာသိမ်း စစ်ကော်မရှင်က လာမယ့် ဒီဇင်ဘာလမှာ ကျင်းပပြုလုပ်မယ့် အထွေထွေရွေးကောက် ပွဲအတွက် မဲစာရင်း ကပ်ထားမှုအပေါ် ပြည်သူလူထုတွေအနေနဲ့ စိတ်ဝင်စားမှု မရှိဘူးလို့ သံလွင်တိုင်းမ်ကို ပြောလာပါတယ်။

စစ်ကော်မရှင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကတော့ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ စတင်ကျင်း ပမယ့် ရွေးကောက်ပွဲ အတွက် မဲစာရင်းတွေကို ပထမအကြိမ်အဖြစ် စက်တင်ဘာ ၃၀ ရက်နေ့ကနေ အောက်တိုဘာ ၁၃ ရက်နေအထိ ကပ်ထားမယ်လို့ ကြေညာပါတယ်။

ပထမအကြိမ်အဖြစ် ၁၄ ရက်ကြာ ကပ်ထားမယ့် မဲစာရင်းတွေကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်စု ကော်မရှင် အဖွဲ့ခွဲရုံးတွေနဲ့ ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာတွေမှာ ကပ်ထားမှာ ဖြစ်ပြီး အ ကြောင်းအမျိုးမျိုးကြောင့် ရပ်ကွက်နဲ့ ကျေးရွာတွေမှာ ကပ်ထားကြေညာနိုင်ခြင်း မရှိပါက သက် ဆိုင်ရာ မြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံးတွေမှာ မဲစာရင်း ကြည့်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်သူတစ်ဦးကတော့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအပေါ် ပြည်သူတွေ စိတ်ဝင်စားမှု မရှိတာကြောင့် မဲစာရင်းတွေကို စိတ်ဝင်စားမှု မရှိသလို မဲစာရင်းတွေဟာ ရိုးသားမှု မရှိတာကြောင့် အယုံအကြည် မရှိဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အခု သူတို့လုပ်မယ့် ရွေးကောက်ပွဲကိုတော့ ပြည်သူတွေ တော်တော်များများတော့ စိတ်ဝင်စားမှု မရှိဘူး။ ဘာဖြစ်လို့လဲဆို မဲစာရင်း လုပ်တဲ့အပေါ်မှာတော့ ကျွန်တော် သိသလောက်တော့ ရိုးသားမှု မရှိဘူးပြောတယ်။ သူတို့က လိမ်မှာပဲ။ ဘာဖြစ်လို့ဆို အခုက သေတဲ့လူတွေရော စစ်မှုထမ်းအတွက် ပြည်ပကို ထွက်သွားတဲ့ လူတွေရော အဲဒီလူတွေက နည်းနည်းနောနောမှ မဟုတ်တာ။ ကျွန်တော်တို့ကတော့ လက်ခံမှာလည်း မဟုတ်ဘူး။ အယုံအကြည်လည်း မရှိဘူး”လို့ ဆိုပါတယ်။

စစ်ကော်မရှင် လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကတော့ မဲစာရင်းကို လာရောက် ကြည့်ရှုပြီး မိမိအမည် မဲစာရင်းမှာ မပါဝင်ပါက ပုံစံ(၃)နဲ့ အမည်စာရင်း ထည့်သွင်းပေးဖို့ တောင်းဆိုနိုင်သလို မပါဝင်သင့်သူတွေ ပါဝင်ပါက ပုံစံ(၄)နဲ့ ကန့်ကွက်နိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မဲစာရင်းမှာ ပါရှိတဲ့ အချက်အလက်တွေ မှားယွင်းနေပါက ပုံစံ (၄-ဂ)နဲ့ ပြင်ဆင်လွှာ တင်သွင်းနိုင်ပြီး လိုအပ်တဲ့ ပုံစံတွေကိုလည်း ရပ်ကွက်၊ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ အခမဲ့ ရယူနိုင်တယ်လို့ ထုတ်ပြန်ထားပါသေးတယ်။

လူငယ် တစ်ဦးကလည်း စစ်ကော်မရှင်ရဲ့ မဲစာရင်းကပ်ထားမှုအပေါ် အရင်လို တက်တက်ကြွကြွ မရှိတဲ့အတွက် စိတ်ဝင်စားမှု သိပ်အားမကောင်းသလို ပွင့်လင်းမြင်သာမှု မရှိတဲ့ ရွေးကောက်ပွဲ ဖြစ်တာကြောင့် စိတ်မဝင်စားဘူးလို့ ပြောပါတယ်။

“သိပ်ပြီးတော့ စိတ်ဝင်စားမှုတော့ သိပ်အားမကောင်းပါဘူး အကုန်လုံးပေါ့နော်။ ဒီအပေါ်မှာလည်း အခါတိုင်းလိုမျိုး တက်တက်ကြွကြွ မရှိကြဘူး။ ကပ်ရင်လည်း ကပ်တာပဲ အဲဒီလိုမျိုးပဲ။ ကျွန်တော်တို့ အားလုံးပါတဲ့ ပွင့်လင်းမြင်သာမှု မရှိတဲ့ ရွေးကောက်ပွဲ ဆိုတော့လည်း သိပ်ပြီးတော့ စိတ်မဝင်စားပါဘူး။တဖက်ကလည်း ကြော်ငြာထားတယ်ပေါ့။ ဒါတွေ မလုပ်ရ ဘာညာ ဆိုတော့လည်း သွားမကြည့်ကြဖို့ပဲ များပါတယ်”လို့ ဆိုပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်က မဲစာရင်းနဲ့ ပတ်သက်ပြီး ဖြည့်စွက်၊ ပယ်ဖျက်၊ ပြင်ဆင်တာတွေ ဆောင် ရွက်ပြီးပါက နောက်ဆုံးအကြိမ်အဖြစ် ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် စာရင်းကို လာမယ့် နိုဝင် ဘာလအတွင်း ထပ်မံကပ်ထားပေးမှာ ဖြစ်သလို လိုအပ်တဲ့တောင်းဆို၊ ပြင်ဆင်၊ ကန့်ကွက်တာတွေကိုလည်း ထပ်မံဆောင်ရွက်နိုင်တယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် ပြည်စုံမှန်ကန်တဲ့ မဲဆန္ဒရှင် စာရင်း ရရှိနိုင်ဖို့အတွက် မဲဆန္ဒရှင် ပြည်သူတွေအနေနဲ့ အိမ် ထောင်စုတစ်စုလျှင် အနည်းဆုံး တစ်ဦး မပျက်မကွက် လာရောက် ကြည့်ရှုခြင်းဖြင့် ပူးပေါင်း ကူညီပေးကြဖို့ စစ်ကော်မရှင် လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တောင်းဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.