“လက်ရှိ စစ်ကော်မရှင်တို့ဘက်ကနေ အကျဉ်းသားတွေအားလုံးကို ညှဉ်းဆဲဖိနှိပ်နေတဲ့ နည်းလမ်းတစ်ခုအဖြစ်နဲ့ ကျန်းမာရေးအခွင့်အရေးတွေကို မပေးဘူး။ကျန်းမာရေးစောင့်ရှောက်မှု မပေးဘဲ အခွင့်အရေးတွေကို ဖျက်ဆီးပစ်နေကြတာတွေ မြင်ပါတယ်” – မရောင်နီလင်း (PPNM ပြန်ကြားရေးတာဝန်ခံ)

မကြာသေးမီ ရက်ပိုင်းအတွင်းက အကျဉ်းကျခံနေရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်တဲ့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့ပါတယ်။ ကမ္ဘာ့အသက်အကြီးဆုံး နိုင်ငံရေးအကျဉ်းသူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေနဲ့ တဆက်တစပ်တည်း ထောင်းတွင်းက နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှု ပိုတိုးလာခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၂၉၇၀၄ ဦးနဲ့ ပြန်လည်လွတ်မြောက်လာသူ ၇၂၇၇ ဦးရှိလာလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောင့်ရေး အသင်း AAPP က ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံတဝန်းက အကျဉ်းထောင်အသီးသီးမှာရှိနေတဲ့ သောင်းနဲ့ချီတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခြေအနေက ဘယ်လိုရှိနေပါသလဲ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိအခြေအနေနဲ့ အကျဉ်းထောင်ထဲက အကျဉ်းစံ နိုင်ငံသားအကျဉ်းသားတွေ ကြုံတွေ့ခံစားနေရတာတွေကို စေ့စေ့ငုငု သိရနိုင်ဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ပြန်ကြားရေးတာ၀န်ခံ မရောင်နီလင်းနဲ့ သံလွင်တိုင်းမ်က အခုလိုပဲ မေးမြန်းထားပါတယ်။

မေး – လက်ရှိ နိုင်ငံတစ်ဝန်းက အကျဉ်းထောင်တွေမှာ အကျဉ်းသားတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေ ဘယ်လိုရှိလဲ။

ဖြေ – မြန်မာနိုင်ငံက အကျဉ်းထောင်တွေထဲမှာ ဆေးဝါးစောင့်ရှောက်မှုက မလုံလောက်ပါဘူး။ ကျန်းမာရေး မကောင်းလို့ ဆေးခန်းပြတာကအစ ဆေးပေးတဲ့ အချိန်တွေမှာဆိုရင်လည်း ပါရာစီတမောတွေ ဘာမီတွန်တွေ စီထရွန် အဲဒါတွေပဲ ပေးတာများတယ်။

ကတ်တွေနဲ့ သေချာပေးတာ မဟုတ်ဘူး။ ဘူးခွံတွေထဲမှာ ထည့်ထားတယ်။ ဘာဆေးတွေမှန်း မသိရဘူး။ ကျန်းမာရေး ပြင်းထန်လို့ ဆေးရုံတက်ရမယ့် အချိန်ရောက်ရင် အချိန်ကြန့်ကြာတယ်။

သူတို့က အဆင့်ဆင့် တင်ပြတယ်ဆိုတယ်။ ဒီဘက်မှာတော့ အခြေအနေဆိုးနေတယ်။ အဲဒီလိုအချိန်မှာ ဆေးရုံကို မရောက်လိုက်ဘဲ နိုင်ငံရေးအကျဉ်းသားတွေလည်း ရှိနေပါတယ်။

မေး – တစ်နိုင်ငံလုံး လေးစားအားထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီး ဘာတွေ သိထားတာရှိလဲ။

ဖြေ – ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ကတော့ အသက်အရွယ်ကြီးနေပြီဖြစ်တယ်။ ပြီးတော့ ဆေးကုမှု အထူးကိုလိုအပ်နေတဲ့ ကျန်းမာရေးအခြေအနေတွေက ရှိနေပါသေးတယ်။

ဒါပေမယ့် လက်ရှိမှာ အပြည်ပြည်ဆိုင်ရာ စံနှုန်းတွေနဲ့ မလိုက်နာဘဲ အကျဉ်းထောင်တွေက ဆေးကုသခွင့်တွေက အကန့်အသတ်ရှိနေဆဲ ဖြစ်တယ်။ ဒါကြောင့် ကျန်းမာရေးအခြေအနေက အထူးကို စိုးရိမ်ရတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ်။

မေး – အခုနောက်ပိုင်းမှာ အကျဉ်းထောင်ထဲက အကျဉ်းသားတွေရဲ့ ကျန်းမာရေး စောင့်ရှောက်တဲ့ အခြေအနေက အရင်ကထက် ပိုဆိုးလာနေတယ်ပေါ့နော်။ တစ်ဖက်မှာလည်း ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး စောင့်ရှောက်မှု၊ ဆေးဝါးကုသခွင့် စတာတွေနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေ ရှိလဲခင်ဗျာ။

ဖြေ – နိုင်ငံရေးအကျဉ်းသားတင် မဟုတ်ဘူး။ အကျဉ်းသား အများစုအတွက် အခြေအနေတွေက တစ်နှစ်ထက် တစ်နှစ်ပိုပိုဆိုးလာတယ်။ စစ်ကော်မရှင်ဘက်ကလည်း ထောင်ဘက်ကို ဘတ်ဂျက်လျော့ချလိုက်တာက ပိုပြီးဆိုးတယ်။

အထူးသဖြင့် ကျန်းမာရေးစောင့်ရှောက်မှု မရှိတာတွေ မလုံလောက်တဲ့ဆေးဝါးတွေ အစာအာဟာရလည်း ကောင်းမွန်စွာ မကျွေးတာတွေ၊၊ ရရှိတဲ့ဆေးဝါးတွေကလည်း မကောင်းတာတွေ ဒိတ်လွန်တာတွေကြောင့် ကူးစက်ရောဂါတွေဖြစ်တယ်။

ကူးစက်ရောဂါတွေက ယားနာလို အနာတွေ အဲဒီလိုမျိုးတွေလည်း ဖြစ်တယ်။ မိုးရာသီဆိုတော့ ပိုပြီးဆိုးပါတယ်။ ထောင်တော်တော်များများမှာ ဒီလိုအခြေအနေတွေ ကြုံနေရတယ်။

သောက်ရေမသန့်တာတွေ အစာအာဟာရဆို ထောင်ဘတ်ဂျက် လျှော့ချလိုက်လို့ တချို့ထောင်ဆို ကြက်ဥပဲ စားရတာမျိုး၊ တချို့ဆို ငါးပဲစားရတာမျိုး၊ ကြော်ပြီးမကျွေးဘူး။ ပြုတ်ပြီး ကျွေးတာတွေ ကြုံနေရတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဆိုလည်း ဆေးကုသခွင့်မပေးဘူး။ ဆရာဝန်နဲ့လည်း တွေ့ခွင့်မပေးဘူး။ ဒါကြောင့် ကျန်းမာရေး ဆိုးရွားစွာ ထိခိုက်နေတာဖြစ်ပါတယ်။

မေး – လက်ရှိမှာဆိုရင် အကျဉ်းထောင် တော်တော်များများမှာ အရေပြားရောဂါနဲ့ ပတ်သက်ပြီး ကူးစက်တာတွေ အများအပြား ရှိတယ်လို့ သိရပါတယ်။ အဲဒီအခြေအနေတွေရော ဘယ်လိုရှိလဲ။

ဖြေ – လက်ရှိ အကျဉ်းထောင်အတော်များများ ထောင်ကြီးပေါ့။ ကကြီးထောင်၊ ဗဟိုထောင်တွေမှာဆိုရင် လူအများကြီးတွေ နေရတယ်။ခြေထောက်ချင်းတွေ ထိနေတာမျိုးတွေ ရှိတယ်။

အဲဒီမှာ လူထူထပ်စွာနေထိုင်ရတယ်။ ရေချိုးရတဲ့အခါမှာလည်း အချိန်အကန့်အသတ်နဲ့ချိုးရတယ်။ ဆေးဝါးကုသမှုတွေလည်း မရရှိတာ နိုင်ငံရေး အကျဉ်းသားတွေဆိုလည်း မကောင်းတဲ့နေရာမှာ ပေးတယ်။

သူတို့အခန်းတွေထဲမှာ လူအများမနေထိုင်ချင်တဲ့နေရာတွေ၊ ဥပမာပေးရမယ်ဆိုရင် အိမ်သာဘေးလိုနေရာမှာ နေထိုင်ရတာတွေ တမင်သက်သက် အဲဒီလိုနေရာတွေ ပေးကြတာ။ ဒီအခြေအနေတွေကြောင့်မို့ အရေပြားနဲ့ပက်သက်တဲ့ရောဂါတွေ ကူးစက်နေတာ ဖြစ်ပါတယ်။

မေး – နောက်ဆုံးအနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အကျဉ်းသားအာလုံးရဲ့ ဆေးဝါးကုသခွင့် အခြေအနေတွေနဲ့ ပတ်သက်ပြီး PPNM အနေနဲ့ ဘယ်လိုမြင်လဲခင်ဗျာ။

ဖြေ – နောက်ဆုံးအနေနဲ့ အကျဉ်းသားတိုင်းမှာ လူသားအခွင့်အရေးနဲ့ အခြေခံကျန်းမာရေးစောင့်ရှောက်မှုက ရရှိခွင့် ရှိပါတယ်။ ဒါပေမယ့် လက်ရှိ စစ်ကော်မရှင်တို့ဘက်ကနေ အကျဉ်းသားတွေအားလုံးကို ညှဉ်းဆဲဖိနှိပ်နေတဲ့ နည်းလမ်းတစ်ခုအဖြစ်နဲ့ ကျန်းမာရေးအခွင့်အရေးတွေကို မပေးဘူး။ ကျန်းမာရေးစောင့်ရှောက်မှု မပေးဘဲ အခွင့်အရေးတွေကို ဖျက်ဆီးပစ်နေကြတာတွေ မြင်ပါတယ်။

ဒါဟာ အပြည်ပြည်ဆိုင်ရာ ညွှန်ကြားချက်တွေနဲ့ ဆန့်ကျင်တဲ့ အပြုအမူဖြစ်ပါတယ်။ အကျဉ်းသားတွေအတွက်သာမက လူသားအခွင့်အရေးအတွက်ပါ ချိုးဖောက်မှု ခံနေရပါတယ်လို့ ပြောချင်ပါတယ်ရှင့်။

သံလွင်တိုင်းမ်
ဓာတ်ပုံ – RFA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.