ဘန်ကောက်၊ စက်တင်ဘာ ၂၀

အိမ်နီးချင်း ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ အန္တရာယ်ပေးနိုင်တဲ့ နိုင်ငံ မဟုတ်တော့ဘူးလို့ ထင်မှတ်ရတဲ့အချိန်အထိ နှစ်နိုင်ငံနယ်စပ်ကို ပိတ်ထားရေး ထိုင်းလက်နက်ကိုင်တပ်တွေရဲ့ တပ်မှူးတွေက တညီတညွတ်တည်း ဆုံးဖြတ်လိုက်ပြီး နယ်စပ်ခြံစည်းရိုး ကာဖို့လည်း အဆိုပြုလိုက်ပါတယ်။

ဘန်ကောက်မြို့ရှိ ထိုင်းတော်ဝင်တပ်ဖွဲ့များ ဌာနချုပ်မှာ ကျင်းပတဲ့ လက်နက်ကိုင်တပ် အကြီးအကဲများ ကော်မတီ ပဉ္စမအကြိမ် အစည်းအဝေးမှာ အခုလိုမျိုး ဆုံးဖြတ်ခဲ့တာပါ။

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ရှိ စစ်ဆေးရေးဂိတ်အားလုံးကို အချိန်အကန့်အသတ်မရှိ ပိတ်ထားဖို့ စစ်ဖက်ဆိုင်ရာ အကြီးအကဲတွေက တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြပါတယ်။

မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ နယ်စပ်တိုက်ပွဲတွေအတွင်း ထိုင်းစစ်သားနဲ့ အရပ်သား ၁၅ ဦး သေဆုံးခဲ့ပြီး တိုက်လေယာဉ်တွေ၊ သံချပ်ကာကားတွေလည်း အသုံးပြုတိုက်ခိုက်ခဲ့ကြပါတယ်။

ဒီအတောအတွင်း ထိုင်းအရာရှိတွေက ကမ္ဘောဒီးယားနဲ့ အဓိကစစ်ဆေးရေးဂိတ်အနီးမှာ ပထမဆုံးအကြိမ်အနေနဲ့ လုံခြုံရေး ကင်မရာတွေ တပ်ဆင်လိုက်ပါတယ်။

နှစ်နိုင်ငံ နယ်စပ် စစ်ဆေးရေးဂိတ်တွေမှာ ထိုင်းက နောက်ထပ် လုံခြုံရေး ကင်မရာ ၂၉ လုံး တပ်ဆင်သွားဖို့ စီစဉ်ထားတာပါ။

ထိုင်းက နှစ်နိုင်ငံနယ်စပ်ကို ပိတ်ထားမယ့်အပြင် နယ်စပ်တလျှောက် ခြံစည်းရိုး ကာရန်ဖို့၊ ကမ္ဘောဒီးယားနဲ့ စေ့စပ်ဆက်ဆံမှုဥပဒေတွေကို ပြန်လည်သုံးသပ်ဖို့လည်း စစ်ဖက်ဆိုင်ရာ အကြီးအကဲတွေက တိုက်တွန်းထားပါတယ်။

ထိုင်းက နှစ်နိုင်ငံ နယ်စပ်တလျှောက် ခြံစည်းရိုးခတ်ပြီး ကင်းလှည့်စောင့်ကြည့်မှုတွေ ဆက်လက် လုပ်ဆောင်သွားမယ်လို့ အရာရှိတွေက ပြောပါတယ်။

ထိုင်း အချုပ်အခြာအာဏာအပေါ် ချိုးဖောက်မှုတွေကို တုံ့ပြန်ဖို့ မူဘောင် အသစ် တစ်ရပ်ကိုလည်း အဲဒီ ကော်မတီက အတည်ပြုခဲ့ပါတယ်။

ရန်လိုတဲ့ အပြုအမူတွေ ရှိလာရင် ဒါမှမဟုတ် ထိပ်တိုက်တွေ့တဲ့ အနေအထားမှာ ကိုယ့်ကိုယ်ကို ကာကွယ်ရေး စစ်ဆင်ရေးတွေကို နိုင်ငံတကာဥပဒေတွေအတိုင်း ချက်ချင်း လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ထိုင်းစစ်ဖက်ဆိုင်ရာ အကြီးအကဲများက ပြောပါတယ်။

အခု ဆုံးဖြတ်ချက်တွေကို အတည်ပြုပေးရေး ထိုင်း ကာကွယ်ရေးဝန်ကြီးဌာနဆီ တင်ပြထားတယ်လို့ သိရပါတယ်။

Ref:BangkokPost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.