ရေး၊ စက်တင်ဘာ ၁၅

မွန်ပြည်နယ် ရေးမြို့နယ်က စစ်ကော်မရှင်တပ်ရဲ့ ကွမ်ကျိုက်ဂိတ်စခန်းနဲ့ နှစ်ကရင်ရွာလမ်းဆုံမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းအဖွဲ့တွေက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်လောက်က နှစ်ကရင်ရွာလမ်းဆုံအနီးရှိ ရထားလမ်းဘေးမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့ဝင်တွေက ဒရုန်းနဲ့ ဗုံးနှစ်လုံးချပြီး တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်သေဆုံးမှု အသေးစိတ်အချက်အလက်ကို ဆက်လက်စုံစမ်းနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စက်တင်ဘာ ၇ ရက်နေ့ကလည်း ရေးမြို့နယ် မော့ကနင်ကျေးရွာအနီးရှိ စစ်ကော်မရှင်တပ်ရဲ့ ကွမ်ကျိုက်ဂိတ်စခန်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကွမ်ကျိုက်ဂိတ်စခန်း တိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးကြောင်း သတင်းရရှိထားတယ်လို့ ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF တာဝန်ခံ ဗိုလ်ရန်နိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒီတိုက်ခိုက်မှုတွေကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေဖြစ်တဲ့ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF)၊ KNLA တပ်ရင်း(၂၇) တပ်ခွဲ (၁) နှင့် ဗျူဟာ ၃၃ ဒေါနချေမှုန်းရေးတပ်ခွဲ- တပင်ရွှေထီးတပ်တို့ ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MSRF 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.