သရက်ချောင်း၊ စက်တင်ဘာ ၁၅

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်မှာ စစ်ကော်မရှင်တပ်ရဲ့ အတင်းအဓမ္မ တပ်သားသစ် စုဆောင်းခံရတဲ့ စစ်မှုထမ်းသင်တန်းဆင်း တပ်သားတစ်ဦး အလင်းဝင်လာတယ်လို့ ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းထံက သိရပါတယ်။

သရက်ချောင်းမြို့နယ် အခြေစိုက် အမှတ် ၄၀၅ ခြေမြန်တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်မှုထမ်းသင်တန်းဆင်း တပ်သား ကိုရန်နိုင်လင်းဟာ နယ်မြေရှင်းလင်းရေးထွက်ချိန် ထွက်ပြေးလာပြီး ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းထံ ဆက်သွယ် အလင်းဝင်ခဲ့တာပါ။

ကိုရန်နိုင်လင်းဟာ မွန်ပြည်နယ်မှတစ်ဆင့် ထိုင်းနိုင်ငံမှာ အလုပ်လုပ်သွားလုပ်ဖို့ ပေါင်းမြို့နယ် အုတ်တံတားကျေးရွာက ပွဲစားတစ်ယောက်နဲ့ ဆက်သွယ်ခဲ့ပြီး အဲဒီပွဲစားက ကိုရန်နိုင်လင်းကို စစ်ကော်မရှင်တပ်ထံ ရောင်းစားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီကနေတစ်ဆင့် စစ်သားစုဆောင်းရေး သင်တန်းကျောင်းကို ရောက်ရှိခဲ့ကာ ပဲခူးတိုင်း တောင်တွင်းကြီးမြို့နယ် စကခ ၇ ကို ပို့ဆောင်ခံရကာ သင်တန်း ၆ လ တက်ရောက်ခဲ့ရပါတယ်။

သင်တန်းဆင်းပြီးနောက် စစ်ကြောရေးကို ပို့ဆောင်ခံရကာ အဲဒီကနေတဆင့် သရက်ချောင်းမြို့နယ်ကို ငါးထပ်သင်္ဘောနဲ့ ပို့ဆောင်ခဲ့ပြီး ခမရ ၄၀၅ တပ်ရင်းကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် သရက်ချောင်းမြို့နယ် စောဖျားကျေးရွာဘက်ကို နယ်မြေရှင်းလင်းရေးထွက်ချိန် တော်လှန်ရေးအင်အားစုတွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ ကိုရန်နိုင်လင်းက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လကလည်း သရက်ချောင်းမြို့နယ်မှာ အသက်မပြည့်သေးဘဲ တပ်သားသစ် စုဆောင်းခံရတဲ့ စစ်ကော်မရှင်ရဲ့ စစ်မှုထမ်း သင်တန်းဆင်း တပ်သားတစ်ဦး ထွက်ပြေးလာပြီး ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းမှာ အလင်းဝင်ခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.