ခတ္တမန္ဒူ၊ စက်တင်ဘာ ၁၀

နီပေါနိုင်ငံမှာ စက်တင်ဘာ ၈ ရက်က အကျင့်ပျက်ခြစားမှု ဆန့်ကျင်ရေး ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ကြား ပဋိပက္ခတွေကြောင့် လူ ၁၉ ဦး သေဆုံးခဲ့ပြီး ဝန်ကြီးချုပ် ကေပီ ရှာမာ အိုလီ နုတ်ထွက်သွားပြီးနောက် မြို့တော် ခတ္တမန္ဒူရှိ လွှတ်တော် အဆောက်အဦကို လူအုပ်ကြီး တစ်အုပ်က မီးတင်ရှို့ခဲ့ကြပါတယ်။

ဆယ်စုနှစ်များစွာအတွင်း နီပေါနိုင်ငံမှာ အဆိုးရွားဆုံး မငြိမ်သက်မှုတွေ ဖြစ်နေချိန် ဆန္ဒပြသူတွေ သေဆုံးမှုကြောင့် ပြည်သူတွေ ဒေါသထွက်နေကြပြီး အစိုးရ အဆောက်အဦတွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေရဲ့ နေအိမ်တွေ နိုင်ငံတဝန်းမှာ တိုက်ခိုက်ခံခဲ့ရပါတယ်။

စက်တင်ဘာ ၉ ရက် ဆန္ဒပြပွဲတွေအတွင်း လူ ၃ ဦး ထပ်မံ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဝရုန်းသုန်းကား ဖြစ်နေချိန် နီပေါ အနောက်ပိုင်းရှိ အကျဉ်းထောင် နှစ်ခုက အကျဉ်းသား ၉၀၀ ကျော် ထွက်ပြေးလွတ်မြောက်သွားတယ်လို့ အကျဉ်းဦးစီး အရာရှိတွေက ပြောပါတယ်။

နီပေါနိုင်ငံမှာ လူမှုမီဒီယာတွေကို အစိုးရက တားမြစ်လိုက်တာကြောင့် ဆန္ဒပြပွဲတွေ စတင်လာခဲ့တာ ဖြစ်ပါတယ်။

အဲဒီ တားမြစ်ချက်ကို စက်တင်ဘာ ၈ ရက်မှာ ပြန်ရုတ်သိမ်းခဲ့ပေမယ့် အဲဒီ အချိန် ဆန္ဒပြပွဲတွေမှာ လူတွေ အများကြီး ပါဝင်နေကြပြီ ဖြစ်ပါတယ်။

အစိုးရနဲ့ ပုဂ္ဂလိက အဆောက်အဦးတွေကို ဖျက်ဆီး၊ လုယက် မီးရှို့ပြီးတော့ ဆန္ဒပြသူတွေဟာ လက်ရှိ ဖြစ်ပေါ်နေတဲ့ ပြဿနာကို အခွင့်ကောင်း ယူနေကြတယ်လို့ နီပေါလ် စစ်ဦးစီးချုပ်က စက်တင်ဘာ ၉ ရက် ညနေပိုင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာ စွပ်စွဲထားပါတယ်။

မငြိမ်သက်မှုတွေ ဆက်ဖြစ်နေရင် နီပေါလ်စစ်တပ် အပါအဝင် လုံခြုံရေး အဖွဲ့အစည်းတွေက ည ၈ နာရီက စတင်ပြီး အခြေအနေကို ထိန်းချုပ်သွားမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပေမယ့် အသေးစိတ်ကိုတော့ မဖော်ပြထားပါဘူး။

ဝန်ကြီးချုပ် နုတ်ထွက်ထားချိန် သူ့နေရာမှာ ဘယ်သူ့ကို အစားထိုးမလဲ ဒါမှမဟုတ် နောက်ထပ် ဘာဖြစ်လာမလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မသိရဘဲ တာဝန်ယူမယ့်သူလည်း မရှိ ဖြစ်နေပါတယ်။

ဝန်ကြီးများ အပါအဝင် ခေါင်းဆောင် တချို့ဟာ လုံခြုံရေး တပ်ဖွဲ့တွေဆီမှာ ခိုလှုံနေကြရတယ်လို့ ဆိုပါတယ်။

ဆန္ဒပြသူတွေကလည်း ပိုကျယ်ပြန့်တဲ့ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး ခေါင်းစဉ်အောက်မှာ တောင်းဆို ဆန္ဒပြနေကြပေမယ့် ခေါင်းဆောင်မှု မရှိတာ တွေ့ရပါတယ်။

သတင်းတုတွေ။ အွန်လိုင်း လိမ်လည်မှုတွေနဲ့ အမုန်းစကား ပြောဆိုမှု တားဆီးရေး အကြောင်းပြပြီး လူမှုမီဒီယာတွေကို အစိုးရက တားမြစ်ခဲ့တာ ဖြစ်ပါတယ်။

ဖေ့စ်ဘွတ်ခ်နဲ့ အင်စတာဂရမ်တို့လို လူမှုမီဒီယာ သုံးစွဲသူ သန်းပေါင်းများစွာ ရှိနေတဲ့ နီပေါနိုင်ငံသား တော်တော်များများဟာ ဖျော်ဖြေရေး၊ သတင်းနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် လူမှုမီဒီယာတွေကို အားကိုးနေကြရတာ ဖြစ်ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.