ဂါဇာစီးတီး၊ စက်တင်ဘာ ၁၀

အစ္စရေး စစ်တပ်က မြေပြင်ထိုးစစ်တွေ စတင်တော့မယ့်အချိန်မှာ ဂါဇာစီးတီးရှိ ဒေသခံ အားလုံး ချက်ချင်း ဘေးကင်းရာ ထွက်သွားကြဖို့ သတိပေးလိုက်ပါတယ်။

ဂါဇာကမ်းမြောင်ဒေသရဲ့ အကြီးမားဆုံး မြို့ပြဗဟိုချက်မှာ နေထိုင်နေကြတဲ့ ပါလက်စတိုင်းသား တစ်သန်းအနေနဲ့ တောင်ဖက်ကို ရွှေ့ပြောင်းကြဖို့ အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူက အာရပ်ဘာသာနဲ့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။

အဲဒီ မြို့မှာ ဆက်နေရင် အန္တရာယ် အရမ်းများလွန်းတယ်လို့ သူက ပြောပါတယ်။

မကြာသေးခင် ရက်ပိုင်းက ဂါဇာစီးတီးရှိ အထပ်မြင့် အဆောက်အဦတွေ ပြိုကျပျက်စီးခဲ့ရတဲ့ လေကြောင်း တိုက်ခိုက်မှုတွေဟာ ဟားမာ့စ်အဖွဲ့ရဲ့ နောက်ဆုံး အမာခံနယ်မြေကို သိမ်းပိုက်ရေး အဓိက ထိုးစစ်ကြီးရဲ့ အစပဲ ရှိသေးတယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောထားပါတယ်။

ဂါဇာ စီးတီးကို သိမ်းပိုက်မယ့် အစ္စရေးရဲ့ အစီအစဉ်အပေါ် နိုင်ငံတကာကလည်း ပြစ်တင် ဝေဖန်ထားပါတယ်။

အငတ်ဘေးဆိုက်နေပြီလို့ ကြေညာပြီးသား ဒေသတစ်ခုကို အရှိန်မြှင့် ထိုးစစ်ဆင်ရင် အရပ်သားတွေအနေနဲ့ ပိုမိုနက်ရှိုင်းတဲ့ ဘေးဒုက္ခတွေနဲ့ ကြုံတွေ့ရလိမ့်မယ်လို့ ကုလသမဂ္ဂက သတိပေးထားပါတယ်။

အစ္စရေး စစ်တပ်အနေနဲ့ ဂါဇာစီးတီးကို ဆုံးဖြတ်ချက် ပြတ်ပြတ်သားသားနဲ့ ထိုးစစ်ဆင် တိုက်ခိုက်သွားမှာ ဖြစ်တာကြောင့် ဒေသခံတွေနဲ့ မြို့အပိုင် ဒေသနေလူတွေ အားလုံး ဘေးကင်းရာ ပြောင်းရွှေ့ကြဖို့ လူမှုမီဒီယာကရော လက်ကမ်း စာစောင်တွေ ဝေဟင်က ကြဲချပြီးတော့ပါ သတိပေးထားတာ ဖြစ်ပါတယ်။

အပစ်အခတ် ရပ်စဲရေး၊ ဓားစာခံများ လွှတ်ပေးရေး ဟားမာ့စ်အဖွဲ့နဲ့ ဆွေးနွေးမှုတွေ မအောင်မြင် ဖြစ်ခဲ့ပြီးနောက် ဂါဇာဒေသ တစ်ခုလုံးသိမ်းပိုက်ရေး အစ္စရေး အစိုးရက ခွင့်ပြုထားပြီး ဖြစ်ပါတယ်။

ဟားမာ့စ်အဖွဲ့အနေနဲ့ လက်နက်မချရင် အပြီးသတ် ချေမှုန်းခံရမှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ် နေတန်ညာဟုက သတိပေးထားပြီး ဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်ကလည်း ဟားမာ့စ်အဖွဲ့ကို သဘောတူညီမှု ရယူဖို့ ရာဇသံ ပေးထားပြီး ဖြစ်ပါတယ်။

ဒီအတောအတွင်း ကာတာနိုင်ငံ ဒိုဟာမြို့ရှိ ဟားမာ့စ် ခေါင်းဆောင်တွေကို အစ္စရေးက ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပေမယ့် အဖွဲ့ဝင် ၅ ဦး သေဆုံးတာကလွဲလို့ ခေါင်းဆောင်ပိုင်း လွတ်မြောက်ခဲ့တယ်လို့ ဟားမာ့စ်အဖွဲ့က ပြောပါတယ်။

ကာတာက အစ္စရေး တိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချပြီး သရဲဘောကြောင်တဲ့ ၊နိုင်ငံတကာဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှု ဖြစ်တယ်လို့ ပြောထားပါတယ်။

ကာတာဟာ ဒေသတွင်းမှာ အမေရိကန်ရဲ့အရေးပါတဲ့ မဟာမိတ် ဖြစ်ပြီး အမေရိကန် လေတပ် အခြေစိုက်စခန်း အများအပြားကို လက်ခံထားပါတယ်။

ဒိုဟာမြို့ရှိ ဟားမာ့စ် ခေါင်းဆောင်ပိုင်းကို အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ဝမ်းမမြောက်မိဘူးလို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ပြောဆိုထားတာ ဖြစ်ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.