ဝါရှင်တန်၊ စက်တင်ဘာ ၁၀
ရုရှားသမ္မတ ဗလာဒီမာ ပူတင်အပေါ် ဖိအားပေးရေး ဗျူဟာ တစ်စိတ်တစ်ပိုင်းအနေနဲ့ တရုတ်နဲ့အိန္ဒိယတို့အပေါ် အခွန် ၁၀၀ ရာခိုင်နှုန်း ကောက်ခံဖို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ဥရောပသမဂ္ဂ အီးယူ အရာရှိတွေကို စက်တင်ဘာ ၉ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။
တရုတ်နဲ့အိန္ဒိယတို့ဟာ ရုရှားရေနံတွေကို အဓိက ဝယ်ယူနေတဲ့ နိုင်ငံတွေ ဖြစ်ပြီး အဲဒီလို ဝယ်ယူနေတာကြောင့် ယူကရိန်းကို ဆက်လက် တိုက်ခိုက်ရေး ရုရှား စီးပွားရေးကို ဆက်လက် ရှင်သန်ဖို့ အားပေးနေသလို ဖြစ်နေပါတယ်။

အီးယူ အရေးယူပိတ်ဆို့ရေး ကိုယ်စားလှယ် ဒေးဗစ် အိုဆူလီဗန်နဲ့ တခြား အီးယူ အရာရှိတွေကို ထရန့်က ဖုန်းနဲ့ ဆက်သွယ်ပြီး အခုလိုမျိုး တိုက်တွန်းခဲ့တာ ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ အရာရှိတွေက ပြောပါတယ်။
အရေးယူ ပိတ်ဆို့မှုတွေ လုပ်ဆောင်ရာမှာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးဖို့ အီးယူ ကိုယ်စားလှယ်အဖွဲ့ ဝါရှင်တန်သို့ ရောက်ရှိနေပါတယ်။
အမေရိကန်ရဲ့ တောင်းဆိုမှုအတိုင်း အီးယူက လိုက်ပါ ဆောင်ရွက်မယ်ဆိုရင် အမေရိကန်အနေနဲ့လည်း အလားတူ အခွန်တိုးမြှင့် ကောက်ခံမှုတွေ လုပ်ဆောင်ဖို့ ဆန္ဒရှိကြောင်း ဖော်ပြခဲ့တယ်လို့ အီးယူ သံတမန်က ဆိုပါတယ်။

တကယ်လို့ အမေရိကန်ရဲ့ တောင်းဆိုမှုအတိုင်း လိုက်ပါ လုပ်ဆောင်ခဲ့မယ်ဆိုရင် ရုရှား အထီးကျန်စေရေး အခွန်တွေ ပြဌာန်းတာထက် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ပိုသဘောကျတဲ့ အီးယူရဲ့ ဗျူဟာ ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။
ရုရှားရေနံတွေကို ဝယ်ယူနေတဲ့အတွက် အိန္ဒိယနဲ့ တရုတ်အပေါ် အခွန်တွေ တိုးမြှင့် ကောက်ခံသွားမယ်လို့ ထရန့်က အကြိမ်ကြိမ် ခြိမ်းခြောက်ထားပါတယ်။
အီးယူက ရုရှား စွမ်းအင်အပေါ် မှီခိုအားကိုးနေရမှုကို ရာနှုန်းပြည့် အဆုံးသတ်စေမယ်လို့ ကတိပြုထားပေမယ့် ပြီးခဲ့တဲ့နှစ်က အီးယူ တင်သွင်းခဲ့တဲ့ သဘာဝဓာတ်ငွေ့ စုစုပေါင်းရဲ့ ၁၉ ရာခိုင်နှုန်းဟာ ရုရှားဆီက တင်သွင်းခဲ့တာ ဖြစ်ပါတယ်။
Ref:Reuters