မကွေး စက်တင်ဘာ ၇

မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်ဘက်က ၂၂ ဦး ထိခိုက်သေဆုံးတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်မှာ ပွင့်ဖြူ ဝါစိုက်ပျိုးရေးတပ်က​နေ ထွက်လာတဲ့ အင်အား ၁၅၀ ပါ စစ်ကြောင်းနဲ့ မင်းဘူးခရိုင်အမှတ် ၇ တပ်ရင်းတို့ ဖလံကျင်းကျေးရွာအနီးမှာ တိုက်ပွဲ ဖြစ်ပွားတာလို့ သိရပါတယ်။

“ဒီတောင်ဘက်တကြောက မင်းဘူး ရင်း ၇ ပဲရှိတာ။ မွန်းလွဲပိုင်း တိုက်ပွဲ ဖြစ်ပွားပြီးတော့ ဝါတပ်ကနေ 4wheel ကားတွေနဲ့ သုံးခေါက် လာသယ်တာ။ ညနေကျတော့ မိုင်း ထပ်ထိတာမှာ ကားနဲ့လာသယ်ပြီးတော့ မကွေးဘက်အမြန်မောင်းသွားတယ်။”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မျက်မြင်တွေ့ရှိသူ ဒေသခံတွေကတော့ အလောင်း ၁၀ လောင်းနဲ့ ဒဏ်ရာရ လူနာ ၁၂ ယောက်ကို 4wheel ကား၊ စစ်ကားတွေနဲ့ သယ်ဆောင်တာကို မြင်လိုက်ရတယ်လို့ သိရပါတယ်။

တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ မင်းဘူးခရိုင်အမှတ် ၇ တပ်ရင်းကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားခြင်းမရှိသေးပါဘူး။

စစ်ကော်မရှင်စစ်ကြောင်းနဲ့ ကာကွယ်ရေးအဖွဲ့တွေကြား မနက် ၁၁ နာရီခွဲမှာ တိုက်ပွဲ ဖြစ်ပွားပြီး ညနေ ၄ နာရီဝန်းကျင်မှာ မကျီးစု ရွာအဝင်မှာ မိုင်းထိခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကော်မရှင်တပ်တွေ မိုင်းထိပြီးတဲ့နောက် မကျီးစုရွာက နေအိမ် ၅ လုံးကို မီးရှို့ပြီး အော်ဟစ်ဆဲဆိုတာတွေ လုပ်ဆောင်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၉ ရက်မှာလည်း မင်းဘူးခရိုင်အမှတ် ၇ တပ်ရင်းနဲ့ စစ်ကော်မရှင်အဖွဲ့တို့ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်ဘက်က ၃၀ ဝန်းကျင် ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။

သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.