“ကျွန်မတို့ လူမျိုးသွားတဲ့ လမ်းကြောင်းမှာ သွားရမယ့် လမ်းကြောင်းရှိနေတဲ့အတွက် ထိုးဖောက်ဝင်ရမယ့် မွန်တွေရှိတဲ့ နယ်ဇုန်ကို ဒီလမ်းကြောင်းပဲ သွားလို့ ရမှာကြောင့်မို့လို့ ကျွန်မတို့ ဒီလမ်းကြောင်းပဲ ရွေးရတာပါ။ ကျွန်မတို့ကို နားလည်ပေးပါ” – မိသန်းရှင် အမျိုးသမီးပါတီ(မွန်)

စစ်ကော်မရှင်က ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ နိုင်ငံ တဝန်းလုံး ယှဉ်ပြိုင်မယ့် ပါတီတွေထဲမှာ ပြည်‌‌ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်သူ့ ပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊ မြန်မာနိုင်ငံ တောင်သူ လယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)၊ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီနဲ့ မွန်လူမျိုး ကိုယ်စားပြု အမျိုးသမီးပါတီ(မွန်) တို့ပါဝင်ပါတယ်။

အမျိုးသမီးပါတီ(မွန်)ကို ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က စတင် တည်ထောင်ခဲ့ပြီး ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် အောင်မြင်မှုတော့ မရရှိခဲ့ပါဘူး။

အဲဒီနောက် စစ်ကော်မရှင်က အာဏာသိမ်းပြီးနောက် ပြန်လည် ဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ အမျိုးသမီးပါတီ(မွန်)က ပြန်လည် မှတ်ပုံတင်ပြီးတဲ့နောက် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇွန် ၂၃ ရက်နေ့မှာ ပါတီ မှတ်ပုံတင် ရရှိခဲ့တာ ဖြစ်ပါတယ်။

လာမယ့် ရွေးကောက်ပွဲအတွက် တစ်နိုင်ငံလုံးမှာ ဝင်ပြိုင်မယ့် အမျိုးသမီးပါတီ(မွန်)အနေနဲ့ ဘယ်လိုပြင်ဆင်မှုတွေ ရှိနေပါသလဲ။ ရွေးကောက်ပွဲကော်မရှင်ရဲ့ သတ်မှတ်ချက်တွေကိုရော ပြည့်မီအောင် လုပ်ဆောင်နိုင်ပြီလား။ ရွေးကောက်ပွဲဝင်ရတဲ့ ရည်ရွယ်ချက်က ဘာဖြစ်မလဲဆိုတာ သိရနိုင်ဖို့ ပါတီဥက္ကဌ မိသန်းရှင်နဲ့ သံလွင်တိုင်းမ်က အခုလိုပဲ စကားပြောကြည့်ထားပါတယ်။

မေး – ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးအနေအထားနဲ့ ဝင်ပြိုင်သွားမယ့် အမျိုးသမီးပါတီ(မွန်) အနေနဲ့ ဆရာမတို့ပါတီရဲ့ လက်ရှိ အခြေအနေ ဘယ်လိုရှိပါသလဲ။

ဖြေ – ကျွန်မတို့ကတော့ ပါတီမပျက်အောင် ထိန်းရုံပါပဲ။ ပြိုင်ဖို့က နိုင်ဖို့ရည်ရွယ်ချက်နဲ့တော့ မဟုတ်ပါဘူး။ အခု သူတို့ပြောတာ သတ်မှတ်ထားတဲ့ ၁၁၀ ပြည့်မှ အခုရက်ပိုင်းပေါ့။ ၆ ရက်နေ့နောက်ပိုင်း နေပြည်တော်ကော်မရှင်က မပြည့်လို့ရှိရင် ပါတီကပျက်တဲ့သဘော ဖြစ်သွားတာပေါ့။

ရုံးက ပြည့်ပြီဆိုရင် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ယှဉ်ပြိုင်မယ့် လူအင်အားပေါ့၊ တင်ရမယ်။ လူအယောက် ၄၀၀ ကျော်ပေါ့။ ပို့ပေးရမယ်။ တကယ်လို့ မပြနိုင်ဘူးဆိုရင် အဲဒါက ၁၆ ရက်နေ့လို့ ထင်တယ်။ လူအင်အား ၄၀၀ ပေါ့။အဲဒါမပြနိုင်လို့ရှိရင် ပါတီပျက်တဲ့ သဘောဖြစ်သွားတာပေါ့။

ကိုယ်စားလှယ်လောင်းပုံစံပို့ရမှာပေါ့။ ကိုယ်စားလှယ်လောင်းလို့ ပြောရမှာပေါ့။ အဲဒါကျ ချက်ချင်း ပိုက်ဆံပါ တခါတည်း သွင်းရမှာပေါ့။ မပို့နိုင်ရင် ပါတီက အလိုလိုပျက်သွားမယ့် သဘောရှိတာပေါ့။ ကျွန်မတို့ကတော့ ပါတီပျက်မှာအရမ်းကြောက်တယ်လေ။

ဘာဖြစ်လို့လည်းဆို အမျိုးသမီးပါတီပြန်လည်ထူထောင်ဖို့ဆိုတာ လွယ်မှမလွယ်ပဲ။ အချိန်မီ ပို့နိုင်အောင်တော့ ကျွန်မတို့ ကြိုးစားရမှာပေါ့။ ပို့နိုင်အောင်လည်း ကျွန်မတို့ ပို့မှာပါ့။

ဒါပေမယ့်လည်း ယှဉ်ပြိုင်တဲ့ ပုံစံမဟုတ်ဘူး။ ကျွန်မတို့ မဲမယူဘူး။ ကျွန်မတို့ စည်းရုံးရေးလည်း မဆင်းဘူး။ ဘာမှမလုပ်ဘူး။ ကျွန်မတို့ အမျိုးသမီးပါတီ တည်တံ့အောင် ရေရှည်မှာ ပြန်သွားရအောင်ဆိုတဲ့ သဘောလောက်ပါပဲ။

မလုပ်ရင် ဖျက်ခံထိမှာပဲလေ။ ကော်မရှင်အစည်းအဝေးမှာ ကျွန်မတို့ ဆွေးနွေးပါတယ်။ သူတို့က လက်မခံဘူး။ သွားတဲ့လမ်းကြောင်းအတိုင်း မပို့နိုင်ရင် ပါတီကဖျက်ခံထိမှာ၊ အလိုလိုပျက်သွားမှာပဲ။ အဲဒီလိုကျ ကျွန်မတို့က အပျက်မခံနိုင်ဘူး။ ကြိုးစားနေရပါတယ်။ အချိန်မီလည်း ပို့နိုင်အောင် လုပ်မှာပါ။ အဲဒီလောက်ပဲ ပြောပါရစေ။

မေး – တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ သတ်မှတ်ချက်တွေ ပြည့်မီအောင် ပြင်ဆင်တာတွေရော ရှိပြီလား။

ဖြေ – ပြင်ဆင်ထားတာက အဲဒါကျ မခက်ဘူးလေ။ ဒါပေမယ့် သူတို့သွားတဲ့ လမ်းကြောင်းက အများသဘောတူတဲ့ လမ်းကြောင်းပဲ သွားရမယ်။ ကျွန်မတို့ ပါတီရဲ့မူဝါဒကလည်း ဘယ်အဖွဲ့အစည်း တစ်ခုအပေါ်မှာ ရပ်တည်လို့မရဘူး။ ငြိမ်းချမ်းရေးသဘောပေါ့။

ငြိမ်းချမ်းရေးနဲ့သွားမယ့် လမ်းကြောင်းမှာ အဲဒီလိုပဲ သတ်မှတ်ထားတဲ့အတွက် ကျွန်မတို့သွားမယ့် လမ်းကြောင်းအတိုင်းပဲသွားမှာဖြစ်တယ်။ တရားမျှတဲ့လမ်းကြောင်းပဲ သွားမှာဖြစ်လို့ ဘယ်ဘက်မှသွားလို့မရပါဘူး။ ကျွန်မတို့ပေါ်မှာ နားလည်ပေးကြပါလို့ ပြောချင်ပါတယ်။

မေး – UEC က သတ်မှတ်ထားတဲ့ ပါတီရုံးခန်းဖွင့်လှစ်ရေး သတ်မှတ်ချက်ကရော ပါတီအနေနဲ့ ပြည့်မီသွားပြီလား။

ဖြေ – ကျွန်မတို့မှာ အဲဒီထက်များနေပြီ။ ကျွန်မတို့မှာ ပြည့်နေတာ ကြာပြီ။ အခုလည်း ထပ်ပို့လာတဲ့စာရင်းတွေ အများကြီး ရှိတယ်။ ထပ်ပို့လာလည်း ရှိတယ်။ ဒါပေမယ့် အလုပ်များမှာ ကြောက်လို့ ထပ် မပို့တော့ဘူး။

အရင်က တစ်သိန်းကျော် တစ်သိန်းလေးသောင်း အဲဒီလောက်ထိ အခုလည်း ထပ်ပို့တာ အများကြီး။ ကော်မရှင် ထပ်ပို့ရင် သူတို့စစ်ဆေးမှာတို့ ဘာတို့ သွားနေရဦးမယ်။ အလုပ်များတယ်လေ။ ကျွန်မတို့မှာ အရေးကြီးတဲ့အပိုင်းကိုပဲ ဦးစားပေးလုပ်တော့တယ်။

မေး – ပါတီ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုရော ပြီးစီးသွားပြီလား။

ဖြေ – ပြည့်မီသွားပြီ။ ကိုယ်စားလှယ်လောင်းတွေကျတော့ ၁၀ တန်းအထက်ပေါ့။ အဲဒီလိုသတ်မှတ်ထားတာ ရှိတော့ ကျွန်မတို့ အဲဒါကို ရွေးနေပါတယ်။ စာရင်းတော့ ပြည့်မီသွားပါပြီ။

အချက်အလက်တော့ ပြင်နေရတဲ့ အနေအထားရှိပါတယ်။ ပါတီဝင်ထဲက ၁၀ တန်းကျော်တာ ရွေးထုတ်လိုက်တာ မခက်ပါဘူး။ လူအင်အား တစ်သိန်းကျော်ရှိတဲ့ထဲက ၄၀၀ ကျော်လောက်တော့ ထွက်လာမှာ။ မခက်ဘူး။

မေး – ရွေးကောက်ပွဲဝင်ပြိုင်မယ့်ပါတီအနေနဲ့ လုံခြုံရေးအပါအဝင် တခြားစိုးရိမ်စိတ်ရော ရှိလား။

ဖြေ – ကျွန်မတို့က အလယ်အလတ်လမ်းကြောင်းပဲ။ ဘယ်ဘက်မှ မရပ်တဲ့လမ်းကြောင်း ကျွန်မတို့သွားနေတဲ့ လမ်းကြောင်းအတိုင်း သွားမယ်။ ပါတီရဲ့ရပ်တည်ချက်အရ လုပ်ရတော့ ကျွန်မတို့က လုံခြုံရေးပိုင်းရော ကျွန်မတို့စဉ်းစားထားတယ်။ ဒါကတော့ ကံတရားအတိုင်းပေါ့။

ကျွန်မတို့ မွန်တွေက သွားရမယ့် လမ်းကြောင်းက ဒီလမ်းကြောင်းပဲ ရှိတာကိုး။ နောက်ပြီး မွန်ညီညွတ်ရေးပါတီကလည်း မွန်ပြည်နယ်တစ်ခုပဲ သွားလို့ရတယ်လေ။ ကျွန်မတို့မွန်က ရှိနေတာ အများကြီး။

ကျွန်မတို့ လက်လှမ်းမီရာက ဒီလမ်းကြောင်းပဲ သွားရမှာမို့လို့ ကျွန်မတို့က ကိုယ့်ရဲ့အမျိုးသားရေးလမ်းကြောင်းကိုပဲ တစိုက်မတ်မတ်သွားနေရတဲ့ အနေအထားမှာကျန်တဲ့ဟာကျ ခေါင်းထဲထည့်လို့မရဘူးလေ။ ဒါတွေကလည်း ကျွန်မတို့ ယုံကြည်ပါတယ်။

မေး – ပါတီနဲ့ပတ်သက်ပြီး ဖြည့်စွက်ချင်တာ ရှိရင် ပြောပေးပါဦး။

ဖြေ – ကျွန်မတို့ ရွေးကောက်ပွဲသွားတဲ့နေရာမှာ ဘယ်လမ်းကြောင်းကိုမှ ကျွန်မတို့ ဘက်မလိုက်ပါဘူး။ ကျွန်မတို့ လူမျိုးသွားတဲ့ လမ်းကြောင်းမှာ သွားရမယ့်လမ်းကြောင်းရှိနေတဲ့အတွက် ထိုးဖောက်ဝင်ရမယ့် မွန်တွေရှိတဲ့ နယ်ဇုန်ကို ဒီလမ်းကြောင်းပဲ သွားလို့ရမှာကြောင့်မို့လို့ ကျွန်မတို့ ဒီလမ်းကြောင်းပဲ ရွေးရတာပါ။ ကျွန်မတို့ကို နားလည်ပေးပါ။

သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.