ဘန်ကောက်၊ သြဂုတ် ၃၀
ကျင့်ဝတ်ဆိုင်ရာ ချိုးဖောက်မှုနဲ့ ဝန်ကြီးချုပ် ပေသွန်ထန် ရှင်နာဝါထရာကိုထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေတရားရုံးက သြဂုတ် ၂၉ ရက်မှာ ထုတ်ပယ်လိုက်တာကြောင့် ရှင်နာဝါထရာ မိသားစုရဲ့ နိုင်ငံရေး ခေတ်သမိုင်းအတွက် နောက်ထပ် ကြီးမားတဲ့ ထိုးနှက်ချက် တစ်ခု ဖြစ်လာပြီး အာဏာလွန်ဆွဲမှု ကြီးမားလာနိုင်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။
ထိုင်းနိုင်ငံရဲ့ အသက်အငယ်ဆုံး ဝန်ကြီးချုပ် ပေသွန်ထန်ဟာ နိုင်ငံတွင်း အချင်းချင်း အပြစ်ရှာ ပြိုင်ဆိုင် ထိုးနှက်နေကြတဲ့ လူ့မလိုင်တွေကြား ဆယ်စုနှစ် နှစ်စုကြာ အာဏာလွန်ဆွဲမှုအတွင်း စစ်တပ်နဲ့တရားရေးဌာနက ဖယ်ရှားလိုက်တဲ့ ဘီလျံနာ ရှင်နာဝါထရာ မိသားစုဝင် ဒါမှမဟုတ် သူတို့ မိသားစု ထောက်ခံတဲ့ ဆဌမမြောက် ဝန်ကြီးချုပ် ဖြစ်လာပါတယ်။

ပေသွန်ထန်ရဲ့ အာဏာရ ဖူထိုင်းပါတီဟာ လွှတ်တော်တွင်း အမတ်နေရာ အနည်းငယ် အသာနဲ့ လူများစုနေရာကို ရရှိထားချိန်မှာ တရားရုံးရဲ့ အခုလိုဆုံးဖြတ်ချက်ကြောင့် ဝန်ကြီးချုပ် အသစ်ရွေးချယ်ရေး လွှတ်တော်အတွက် လမ်းပွင့်သွားပြီ ဖြစ်ပါတယ်။
ကမ္ဘောဒီးယားနဲ့ နယ်စပ်ပြဿနာ ဖြစ်ပွားပြီးနောက် သြဇာကြီးမားတဲ့ ကမ္ဘောဒီးယား ခေါင်းဆောင်ဟောင်း ဟွန်ဆန်နဲ့ ဇွန်လက ဖုန်းခေါ်ဆိုမှု အတွင်း ပေသွန်ထန်ရဲ့ ပြောဆိုမှုတွေဟာ ကျင့်ဝတ်ပိုင်းဆိုင်ရာ ချိုးဖောက်ရာကျတယ်လို့ ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးက ဆုံးဖြတ်ပြီး သူ့ကို ထုတ်ပယ်လိုက်တာ ဖြစ်ပါတယ်။

တရားရုံး ဆုံးဖြတ်ချက် ထွက်ပေါ်လာပြီးနောက် နာရီပိုင်းအကြာမှာ ပေသွန်ထန်ရဲ့ ညွှန့်ပေါင်း အစိုးရအဖွဲ့က နုတ်ထွက်ထားတဲ့ ဘွမ်ဂျိုင်ထိုင်း ပါတီခေါင်းဆောင် အနူတင် ချန်ဗီရာကူလ်က လွှတ်တော်ကို လေးလအတွင်း ဖျက်သိမ်းသွားမယ်ဆိုတဲ့ ကတိနဲ့အတူ နိုင်ငံရေးပါတီတွေရဲ့ ထောက်ခံမှု ရရှိရေး ဘန်ကောက်မှာ လူးလာခေါက်ပြန် မဲဆွယ်နေပါတယ်။
ဘီလျံနာသူဌေးကြီး ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ သမီးဖြစ်သူ အသက် ၃၉ နှစ်အရွယ် ပေသွန်ထန်ဟာ အချိန်မတိုင်ခင်မှာပဲ ဝန်ကြီးချုပ် ရာထူးက ထုတ်ပယ်ခံရတာကြောင့် နိုင်ငံရေးဆိုင်ရာ လိပ်ခဲတည်းလည်း အခြေအနေ ဖြစ်ပေါ်လာနိုင်တယ်လို့ ချူလာလောင်ကွန်း တက္ကသိုလ်က နိုင်ငံရေး လေ့လာသူတွေက ပြောပါတယ်။
သက်ဆင်မိသားစုကို ထောက်ခံတဲ့ ဝန်ကြီးချုပ်ဟောင်း ဆရီသာ သာဗီဆင်ထုတ်ပယ်ခံရပြီးနောက် ပေသွန်ထန်ကို ဝန်ကြီးချုပ်ရာထူး ခန့်အပ်မှုဟာ ထိုင်းနိုင်ငံရေး လောကမှာ အများ ဝေဖန်စရာ ဖြစ်လာခဲ့ပြီးနောက် အခုလိုမျိုး ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။
နယ်စပ် ပြဿနာအတွင်း ပေသွန်ထန်ဟာ ကမ္ဘောဒီးယား စိတ်ကြိုက် လုပ်ဆောင်လိုတဲ့ သဘောမျိုး ပြုမူဆောင်ရွက်ခဲ့တယ်လို့ ထိုင်းနိုင်ငံသားတွေက ယူဆထားကြတာ ဖြစ်ပါတယ်။
Ref:Reuters