မော်လမြိုင်၊ သြဂုတ် ၁၃

မွန်ပြည်နယ် အာဏာသိမ်း စစ်ကော်မရှင်က ရွေးကောက်ပွဲအတွက် ရပ်ကွက်၊ကျေးရွာအုပ်စု ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဖွဲ့စည်းမှုတွေ စတင်လုပ်ဆောင်နေတယ်လို့ စစ်ကော်မရှင်နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတွေကို သြဂုတ် ဒုတိယအပတ်အတွင်း အပြီးဖွဲ့စည်းဖို့နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ဝင်အမည်စာရင်းတွေ တခါတည်း ပေးပို့ဖို့ စစ်ကော်မရှင်ဘက်က ညွှန်ကြားထားတာပါ။

စစ်ကော်မရှင်နဲ့နီးစပ်သူတွေရဲ့ ပြောပြချက်အရ ဖွဲ့စည်းထားတဲ့ ရပ်ကွက်၊ကျေးရွာအုပ်စု ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေမှာ အငြိမ်းစားဝန်ထမ်းတွေနဲ့ စစ်တပ်ထောက်ခံသူတွေ အများဆုံး ပါဝင်တယ်လို့ ဆိုပါတယ်။

ရပ်ကွက်၊ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေကို ဥက္ကဋ္ဌ၊ အတွင်းရေးမှူးအပါအဝင် အဖွဲ့ဝင် ခုနှစ်ဦးနဲ့ ဖွဲ့စည်းထားဖို့ စစ်ကော်မရှင်ဘက်က ညွှန်ကြားထားတာ ဖြစ်ပါတယ်။

ရပ်ကွက်၊ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေအနေနဲ့ ရွေးကောက်ပွဲမတိုင်မီ မဲစာရင်းနဲ့လူဦးရေစာရင်း မှန်ကန်မှုရှိစေရေး၊ ရွေးကောက်ပွဲလုပ်ငန်းရှင်စဉ် ကြိုတင်ပြင်ဆင်ဖို့နဲ့ လုံခြုံရေးကိစ္စတွေကိုပါ ကြိုတင်ဆောင်ရွက်ကြဖို့ ညွှန်ကြားထားပါတယ်။

အာဏာသိမ်း စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲကို အခုနှစ်ကုန်ပိုင်းနဲ့ လာမယ့်နှစ်ဆန်းပိုင်းတွေမှာ အပိုင်းအလိုက် ပြုလုပ်သွားဖို့ ရပ်ကွက်၊ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဖွဲ့စည်းမှုတွေ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

တဖက်မှာလည်း စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ လွှတ်တော် ဥပဒေတွေ ပြင်ဆင်ဖြည့်စွက်တာနဲ့ ရွေးကောက်ပွဲ ဆန့်ကျင်ရင် သေဒဏ်ချမှတ်နိုင်တဲ့ ဥပဒေတွေကိုပါ ပြဌာန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.