မကွေး ဩဂုတ် ၁၂
မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ စစ်ကော်မရှင်တပ်နဲ့ ကာကွယ်ရေးအဖွဲ့တွေကြားတိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်ဘက်က ၃၀ ဝန်းကျင် သေဆုံးတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၉ ရက် နေ့လယ်ပိုင်းက ပွင့်ဖြူမြို့နယ် ဖလံကျင်းကျေးရွာအနီးမှာ မင်းဘူးခရိုင်အမှတ် ၇ တပ်ရင်းနဲ့ စစ်ကော်မရှင် စစ်ကြောင်းတို့ တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

“ဖြစ်ဖြစ်ချင်းတော့ အလောင်းတွေ ဒီအတိုင်းကြီး လာမကောက်ကြဘူး။ ညနေဘက်မှ လာကောက်ပြီး တန်းပြန်ဆုတ်သွားတာ။ အဲဒီဘက်က မင်းဘူး ရင်း ၇ ရဲ့ စိုးမိုးနယ်မြေလေ” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
တိုက်ပွဲ ဖြစ်ပွားတဲ့နေရာဟာ မြောင်းမကြီးရဲ့ တစ်ဖက်မှာဖြစ်ပြီးတော့ စစ်ကော်မရှင်တပ်တွေအနေနဲ့ ပိတ်မိသွားနိုင်တဲ့နေရာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲ ဖြစ်ပွားပြီးနောက် ၃ နာရီဝန်းကျင်ကြာမြင့်မှ ဝါစိုက်ပျိုးရေးတပ်က စစ်ကော်မရှင်ကားတွေနဲ့ အလောင်းတွေကို လာရောက်သယ်ယူသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အလောင်းလာသယ်ပြီးနောက် စစ်ကြောင်း ချက်ခြင်း ဆုတ်ခွာသွားတဲ့အချိန် အုတ်ဖိုကျေးရွာအနီးမှာ မိုင်းထိလို့ ထပ်မံ ဒဏ်ရာရတဲ့သူ ၄ ဦးလောက်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲ ဖြစ်ပွားမှုအခြေနေနဲ့ပတ်သက်လို့ မင်းဘူးခရိုင်အမှတ် ၇ တပ်ရင်းရဲ့ တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ တစ်စုံတစ်ရာဖြေကြားခြင်း မရှိသေးပါဘူး။
စစ်ကော်မရှင်နဲ့ပျူစောထီး ပူပေါင်းအင်အား ၁၅၀ ဝန်းကျင်က အုတ်ဖိုနဲ့ ဖလံကျင်းကျေးရွာက ဒေသခံ ၇ ဦးကို ဩဂုတ် ၈ ရက်မှာ ဖမ်းဆီးပြီးနောက် ဩဂုတ် ၉ ရက်မှာ အခုလို တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-မင်းဘူးခရိုင်အမှတ် ၇ တပ်ရင်း