မော်လမြိုင်၊ ဩဂုတ် ၁၂

စစ်အာဏာရှင်စနစ် အဆုံးသတ်စေရေး တော်လှန်ရေးဘုံရည်မှန်းချက်တွေ အောင်မြင်ဖို့ လက်တစ် ကမ်းအကွာမှာ ရောက်ရှိနေပြီလို့ အမျိုးသားညီညွှတ်အစိုးရ NUG က ကရင်အာဇာနည်နေ့ အခမ်း အနားသို့ ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းပြောကြားထားပါတယ်။

ဒီကနေ့ သြဂုတ် ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ၇၅ နှစ်မြောက် ကရင်အာဇာနည်နေ့ အောက်မေ့ဖွယ် အထိမ်းအမှတ်နေ့ အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဂါရဝပြုသဝဏ်လွှာ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

အဲဒီသဝဏ်လွှာမှာ ကရင်အမျိုးသားတော်လှန်ရေးအတွက်သာမက မြန်မာနိုင်ငံမှာ စစ်အာဏာ

ရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် စွန့်လွှတ်အနစ်ခံပြီး ဦးဆောင် တိုက်ပွဲဝင်လျက်ရှိတဲ့ KNU/KNLA အတွက် များစွာ လေးစားဂုဏ်ယူတယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် ဒီမိုကရေစီ ရရှိရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည် ဆောက်ရေးတို့အတွက် ခေတ်အဆက်ဆက် အသက်၊ သွေး၊ ချွေး စွန့်လွှတ်ပေးဆပ်ကြတဲ့ ကရင်အာဇာနည်ခေါင်းဆောင်ကြီးတွေ၊ ကရင်တိုင်းရင်းသားပြည်သူလူထုနဲ့ ကရင်တော်လှန်ရေးရဲ‌ဘော်အားလုံးကို ဂါရဝပြုတယ်လို့ NUG က ဆိုပါတယ်။

လက်ရှိနွေဦးတော်လှန်ရေး လေးနှစ်ကျော်ကာလအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အားလုံး အတူလက်တွဲ စုစည်းညီညာ စွာ ဉာဏ်မြေကတုတ်ဖြင့် ကြံ့ကြံ့ခံစွာ အစွမ်းကုန် ဆက်လက်ကြိုးစားအားထုတ်ပါက မဝေးတော့တဲ့ အနာဂတ်မှာ တော်လှန်ရေးဘုံရည်မှန်းချက်တွေ အောင်မြင်စေဖို့ လက်တစ်ကမ်းအကွာမှာ ရောက်ရှိလာနေပြီဖြစ်တယ်လို့ NUG က ပြောပါတယ်။

ကရင့်အာဇာနည်နေ့မှာ ကရင်တိုင်းရင်းသားမျိုးနွယ်စုများအားလုံး စုစည်းညီညွတ်စွာဖြင့် ကရင်တော်လှန်ရေး ရည်မှန်းချက်တွေကို အောင်အောင်မြင်မြင်နဲ့ ဖော်ဆောင်နိုင်ပါစေလို့ NUG က သဝဏ်လွှာပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.