မော်လမြိုင်၊ ဩဂုတ် ၉

နိုင်ငံတဝန်းရှိ စစ်ကောင်စီရဲ့ အကျဉ်းထောင်တွေမှာ ကျန်းမာရေး စောင့်ရှောက်မှု စနစ်တကျ ငြင်းပယ်ခံနေရတာကြောင့် အကျဉ်းသားသေဆုံးမှု မြင့်တက်လာတယ်လို့ အကျဉ်းသားအရေးဆောင်ရွက်နေတဲ့အဖွဲ့တွေက ပူးတွဲထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် လေးနှစ်ခွဲကာလအတွင်း လူ့အခွင့်အရေးတွေ သိသိသာသာ ဆုတ်ယုတ်လာတဲ့အပြင် အကျဉ်းသားအခွင့်အ‌ရေးလည်း ချိုးဖောက်ခံနေရတာကြောင့် အကျဉ်းထောင်အတွင်း သေဆုံးမှုတွေ မြင့်တက်လာတာပါ။

စစ်အာဏာသိမ်းပြီးနောက် မတရား ဖမ်းဆီးခံထားရတဲ့ လူပေါင်း ၁,၈၀၀ ကျော်ဟာ အကျဉ်းထောင်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု‌တွေကို ရည်ရွယ်ချက်ရှိရှိ ငြင်းပယ်ခံနေရတဲ့အပြင် စစ်ဆေးမေးမြန်းမှုအတွင်း ရရှိခဲ့တဲ့ ဒဏ်ရာတွေကြောင့် ဆေးကုသခွင့် မရရှိဘဲ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အကျဉ်းထောင် စောင့်ကြည့်ရေးအဖွဲ့တွေရဲ့ အချက်အလက်တွေအရ ၂၀၂၅ ခုနှစ် ဇူလိုင်လအတွင်း ဘီးလင်းအကျဉ်းထောင်နဲ့ ဒိုက်ဦးအကျဉ်း‌ထောင်မှာ ဆေးဝါးကုသခွင့် မရရှိတာကြောင့် အကျဉ်းသားတစ်ဦးနဲ့ အကျဉ်းသူတစ်ဦး သေဆုံးခဲ့ပါတယ်။

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအလုပ်အမှုဆောင်အဖွဲ့ဝင် မဝတ်ရည်အောင်ဟာ ဖမ်းဆီးခံရချိန် စစ်ဆေးမေးမြန်းမှုအတွင်း ဦးခေါင်းမှာ ရရှိခဲ့တဲ့ ဒဏ်ရာတွေကြောင့် ဇူလိုင် ၁၉ ရက်နေ့မှာ ရန်ကုန်တိုင်း အင်းစိန်မကျဉ်းထောင်မှာ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ အဲ့ဒီနေ့မှာပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ကိုပြည့်စုံအောင်ဟာ ပြင်းထန်စွာ ရိုက်နှက်ခံခဲ့ရပြီးနောက် ရရှိခဲ့တဲ့ ဒဏ်ရာတွေနဲ့ သထုံအကျဉ်းထောင်မှာ သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းကာလ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ် ဇူလိုင်လအထိ အကျဉ်းထောင်တွေမှာ ညှင်းပန်းနှိပ်စက်ခံရတာနဲ့ လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုမရရှိတာကြောင့်နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၁၉၀ ဦး သေဆုံးခဲ့တယ်လို့ PPNM ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.