သိမ်ဇရပ်၊ ဩဂုတ် ၁၀
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့မှာ သြဂုတ် ၈ ရက်နေ့ တစ်ရက်တည်း လူပေါင်း ၄၀ နီးပါး ဖမ်းဆီးခံလိုက်ရပြီး အဲဒီထဲမှာ စစ်ရှောင်ပြည်သူတွေလည်း ပါဝင်တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အဲဒီနေ့ မနက် ၁၀ နာရီအချိန်ခန့်မှာ အင်အား ၂၀ ကျော်ပါတဲ့ စစ်တပ်နဲ့ရဲအဖွဲ့တွေဟာ သိမ်ဇရပ်မြို့ “လိုရာပြည့်လူမှုကူညီရေးအသင်းရုံး”မှာ လာရောက်ခိုလှုံနေတဲ့ စစ်ရှောင်ပြည်သူတွေထဲက အမျိုး သား ၁၅ ဦးကို ဖမ်းဆီးသွားခဲ့တာပါ။
အဲဒီနောက် နေ့လည် ၁၂ နာရီအချိန်ခန့်မှာလည်း သိမ်ဇရပ်မြို့ထဲက ရပ်ကွက်လမ်းတွေပေါ်မှာ အင်္ကျီအမဲရောင် ဝတ်ဆင်ထားတဲ့ အမျိုးသား၊အမျိုးသမီး ၂၂ ဦးထက်မနည်း ထပ်မံဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။
ဖမ်းဆီးခံရလူငယ်တွေဟာ သိမ်ဇရပ်မြို့ ရွာမရပ်ကွက်ထဲက လူငယ်တွေအများဆုံးဖြစ်ပြီး စစ်ဘေးရှောင်တွေကတော့ ကွမ်းဆိပ်၊ ရှမ်းစု၊ ညောင်ခြေထောက်၊ ဝင်းကံရွာက ဒေသခံတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူတွေကိုတော့ သိမ်ဇရပ်မြို့ရဲစခန်းနဲ့ သိမ်ဇရပ်အခြေစိုက် အမှတ်(၂၀၇) ခြေမြန်တပ်ရင်းဌာနချုပ်မှာ ထိန်းသိမ်းထားပြီး မိသားစုဝင်တွေနဲ့လည်း တွေ့ခွင့်မပေးဘူးလို့ သိရပါတယ်။
ဒေသခံတွေကတော့ ဒီဖမ်းဆီးမှုဟာ စစ်မှုထမ်း လိုအပ်ချက်ကြောင့် ပေါ်တာဆွဲတာ ဖြစ်နိုင်တယ်ဆိုတဲ့ သုံးသပ်ပြောဆိုမှုတွေ ရှိနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက်နေ့ကလည်း မွန်ပြည်နယ် သထုံမြို့နယ် ပုတိမ်ရိုးကျေးရွာနေ လူငယ်တွေအပါအဝင် ရွာခံ အမျိုးသား ၄၀ ကျော်ကို စစ်တပ်ဘက်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး အများစုဟာ ဒီကနေ့အထိ ပြန်မလွှတ်သေးပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ