လောင်းလုံး၊ ဇူလိုင် ၃၁
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ပန်းတင်အင်းကျေးရွာအနီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ နှစ်ဦးသေဆုံးပြီး ခြောက်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်နေ့က ထားဝယ်ရေနက်ဆိပ်ကမ်းဘက်ကနေ ပန်းတင်အင်းကျေးရွာအနီးပတ်ဝန်းကျင်ကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တာပါ။
အချိန် ၅ နာရီနီးပါးကြာမြင့်ခဲ့တဲ့ အဲဒီတိုက်ပွဲအတွင်း ပန်းတင်အင်းကျေးရွာဘက်ကို ထားဝယ်နဲ့လောင်းလုံးအခြေစိုက် စစ်ကောင်စီတပ်ရင်းတွေအပါအဝင် ရေတပ်စစ်သင်္ဘောကနေလည်း လက်နက်ကြီး အမြောက်အမြား ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် အသက် ၄၀ ကျော်အရွယ် ဒေသခံအမျိုးသား နှစ်ဦး ထိမှန်သေဆုံးခဲ့ပြီး အမျိုးသမီးတွေအပါအဝင် ဒေသခံ ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း အထိနာခဲ့တဲ့ စစ်ကောင်စီတပ်ဟာ တစ်ရက်တည်း ပန်းတင်အင်းကျေးရွာက နေအိမ် ၁၀ လုံးကို မီးရှို့ဖျက်ဆီးသွားတယ်လို့ လောင်းလုံးဒေသခံတွေက ပြောကြပါတယ်။
တိုက်ပွဲကြောင့် ပန်းတင်အင်း၊ သပြေကျေးရွာအပါအဝင် ကျေးရွာ ၄ ရွာက ဒေသခံ ထောင်နဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်နေ့ကလည်း လောင်းလုံးမြို့နယ် ပန်းတောပြင်ကျေးရွာနဲ့မောင်းမကန်ကျေး ရွာမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ သုံးဦး သေဆုံးပြီး ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ