ရေး၊ ဇူလိုင် ၃၁

မွန်ပြည်နယ် ရေးမြို့နယ် ကွမ်ကျိုက်ကျေးရွာနဲ့ ကျောင်းရွာကျေးရွာရှိ စစ်ကောင်စီရဲ့ ကာကင်းစခန်း နှစ်ခု တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦး သေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကျောင်းရွာကျေးရွာက ကာကင်းစခန်းကို ဇူလိုင် ၂၉ ရက်နေ့ မနက်ပိုင်းနဲ့ ကွမ်ကျိုက်ကျေးရွာက ကာကင်းစခန်းကို ဇူလိုင် ၃၀ ရက်နေ့ မနက်ပိုင်းတို့မှာ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကြောင့် နှစ်ဖက်တိုက်ပွဲ အချိန်နာရီဝက်နီးပါးအကြား အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီရဲ့ အခြေစိုက်တပ်ရင်းတွေကနေ လက်နက်ကြီး ပစ်ကူတာတွေ ရှိခဲ့ပါတယ်။

ကွမ်းကျိုက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးပြီး ကျောင်းရွာတိုက်ပွဲမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိနေတယ်လို့ တိုက်ပွဲမှာ ပါဝင်တဲ့ တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို မွန်ပြည်တော်လှန်ရေးတပ် MSRF ၊ ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တပ်ရင်း ၂၇ ပူးပေါင်းတပ်ဖွဲ့တွေက ပါဝင်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်နေ့ကလည်း ကွမ်ကျိုက်တံတားအနီးမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ် ဝင်ရောက်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MSRF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.