လှိုင်းဘွဲ ဇူလိုင် ၃၀

ရေကြီးရေလျှံမှု ဖြစ်ပွားနေတဲ့ ကရင်ပြည်နယ် လှိုင်းဘွဲမြို့ စစ်တပ်ဝင်းအနီးမှာ ဒေသခံအမျိုးသား တစ်ဦး မြေမြှုပ်မိုင်းနင်းမိ ပေါက်ကွဲမှုကြောင့် ခြေထောက် ကြွေမွဒဏ်ရာ ရရှိခဲ့တယ်လို့ မြို့ခံတွေအပါအဝင် လူမှုကယ်ဆယ်ရေးအဖွဲ့ထံကနေ သိရပါတယ်။

မနေ့ ဇူလိုင် ၂၉ ရက် ည ၆ နာရီအချိန်ခန့်က ရေဘေးသင့် အမျိုးသားတစ်ဦးဟာ လှိုင်းဘွဲမြို့အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် (၂၈) ခြေလျင်တပ်ရင်းအနီး အပေါ့သွားနေခဲ့ရာကနေ မြေမြှုပ်မိုင်းနင်းမိ ပေါက်ကွဲမှုနဲ့ ကြုံခဲ့ရပါတယ်။

“စစ်တပ်ဘေးမှာ အပေါ့သွားမိလို့ မိုင်းပေါက်တာ။ ရေကြီးနေတော့ လူနာကို ခဲရာခဲဆစ် ကယ်ထုတ်ခဲ့ရတယ်။ အခုတော့ ဘားအံဆေးရုံကို ထပ်လွှဲထားပေးတယ်” လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

မြေမြှုပ်မိုင်းနင်းမိ ပေါက်ကွဲမှုကြောင့် ခြေထောက်ကြွေမွဒဏ်ရာရရှိခဲ့တဲ့ ဒေသခံအမျိုးသားကို လှိုင်းဘွဲဆေးရုံကနေ ဘားအံ မြို့နယ်ပြည်သူ့ဆေးရုံထံ ပြောင်းရွှေ့ကုသနေရပြီး ခြေထောက်ဖြတ်တောက်ရမယ်လို့ ဆိုပါတယ်။

လှိုင်းဘွဲမြို့ အခြေစိုက် စစ်ကောင်စီတပ်ဟာ သူတို့တပ်ရင်းကို တော်လှန်ရေးတပ်ဖွဲ့တွေ လာရောက်မတိုက်ခိုက်နိုင်အောင် တပ်ဝင်းရဲ့ မီတာ ၂၀၀ ပတ်ပတ်လည်လည်မှာ မြေမြှုပ်မိုင်း အမြောက်အမြား ထောင်ထားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းပေါက်ကွဲမှုကြောင့် လူပေါင်း ၁၀၈၂ ဦး သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂအဖွဲ့က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.