ဘားအံ၊ ဇူလိုင် ၃၀

ကရင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ရေကြီးရေလျှံမှုကြောင့် ရေဘေးကယ်ဆယ်ရေးစခန်းဆီ ရေဘေးသင့်ပြည်သူ အနည်းဆုံး ၂၀၀၀၀ ဝန်းကျင် ရွှေ့ပြောင်းနေထိုင်ရပြီး သောက်ရေသန့် ၊ စားနပ်ရိက္ခာ စတဲ့ အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသအခြေစိုက် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီကနေ သိရပါတယ်။

မြဝတီမြို့မှာ သောင်ရင်းမြစ်ရေဟာ ဇူလိုင် ၂၉ ရက်နေ့မှာ မြေနိမ့်ပိုင်းရပ်ကွက်တွေထဲကို ရေထပ်မံဝင် ရောက်လာနေပြီး ရေဘေးသင့်ပြည်သူတွေဟာ ရေဘေးကယ်ဆယ်ရေးစခန်းတွေဆီ ထပ်မံရွှေ့ပြောင်း နေရတယ်လို့ မြဝတီဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ မိုးလေဝသဌာနရဲ့ ထုတ်ပြန်ထားချက်အရ သောင်ရင်းမြစ်ရေဟာ မြဝတီမြို့မှာ စိုးရိမ်ရေမှတ်အထက် ၄ ပေကျော် ကျော်လွန်ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ၁ ပေခန့်မြင့်တက်လာနိုင်တဲ့အတွက်ကြောင့် မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေအနေနဲ့ ရေဘေးလွတ်ရာနေရာတွေကို ရှောင်ရှားနိုင်ဖို့ အသိပေးထားပါတယ်။

ကြာအင်းဆိပ်ကြီးမြို့ပေါ်မှာတော့ မိုးသည်းထန်စွာရွာသွန်းမှုနဲ့ တောင်ကျရေစီးဆင်းလာမှုကြောင့် ဇမိမြစ်ရေတိုးများလာတဲ့အတွက် မြေနိမ့်ပိုင်းရှိနေအိမ်တွေဆီ ရေဝင်ရောက်လာခဲ့ရာ ရေဘေးသင့်သူ ၃၀၁ ဦးကို ယာယီရေဘေးရှောင်စခန်းဆီ ပြောင်းရွှေ့နေရာချထားပေးရတယ်လို့ နယ်မြေခံသတင်းရင်းမြစ်ကဆိုပါတယ်။

ဘားအံမြို့မှာလည်း ဇူလိုင် ၂၅ ရက်နေ့က သံလွင်မြစ်ရေစတင်ကြီးလာခဲ့တာဖြစ်ပြီး ဇူလိုင် ၂၉ ရက်နေ့အထိ ရေက ကျမလာသေးဘဲ ဆက်လက်တည်ရှိနေတဲ့အတွက်ကြောင့် ရပ်ကွက်အားလုံးနီးပါး ရေနစ်မြုပ်ခဲ့ရပြီး ရေဘေးစခန်းဆီ ရွှေ့ပြောင်းနေထိုင်ရတဲ့ ရေဘေးသင့်ပြည်သူ အနည်းဆုံး ၁၀၀၀၀ ကျော်ရှိနေတယ်လို့ လူမှုကူညီရေးအဖွဲ့တွေကနေ သိရပါတယ်။

ဘားအံမြို့မှာ မြစ်ရေကြီးမှုကြောင့် ဘားအံ-မော်လမြိုင်လမ်း၊ ဘားအံ-သထုံလမ်း၊ ဘားအံ-မြိုင်ကြီးငူလမ်းနဲ့ ဘားအံ-လှိုင်းဘွဲလမ်းတွေမှာ ရေကျော်နေတဲ့အတွက် ယာဉ်ငယ်တွေအနေနဲ့ ဖြတ် သန်းသွားလာတာတွေ မလုပ်ဖို့ လူမှုကူညီရေးအဖွဲ့တွေက အသိပေးထားပါတယ်။

သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ စိုးရိမ်ရေမှတ်အထက် ၅ ပေကျော် ကျော်လွန်ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ပေဝက်ခန့်ကျဆင်းလာနိုင်ကာ မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်တယ်လို့ မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။

ဒါ့အပြင် လှိုင်းဘွဲမြို့နဲ့ ကမမောင်းမြို့မှာလည်း ရေကြီးရေလျှံနေပြီး ရေဘေးသင့်ပြည်သူတွေဟာ ရေဘေးကယ်ဆယ်ရေးစခန်းဆီ ရွှေ့ပြောင်းနေထိုင်ရပြီး သောက်ရေသန့် စားစရာ စတဲ့အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ကရင်ပြည်နယ်မှာ ရေကြီးရေလျှံမှုကာလအတွင်း စစ်ဘေးရှောင်တစ်ဦး ရေနစ်သေဆုံးခဲ့ရသလို သစ်ပင်ပြိုလဲမှုကြောင့် ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ်တွေအများအပြားလည်း ရေနစ်မြုပ်ခဲ့ပြီး လေပြင်းကြောင့် နေအိမ်တချို့ ထိခိုက်ပျက်စီးတာတွေရှိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.