မော်လမြိုင် ၊ ဇူလိုင် ၂၆

မွန်ပြည်နယ်မှာ ဝီဖာမုန်တိုင်း အရှိန်ကြောင့် ဖြစ်ပေါ်နေတဲ့ လေဆင်နှာမောင်းနဲ့ လေပြင်းတိုက်ခတ်မှုတွေ ကြောင့် လူထိခိုက်သေဆုံးတာနဲ့ နေအိမ်ပျက်စီးမှု ထပ်တိုးလာပြီး အကူအညီလိုအပ်မှု ပိုများလာတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်နေ့ကစပြီ မွန်ပြည်နယ်ရဲ့ ပေါင်၊ သထုံ၊ သံဖြူဇရပ်၊ရေး၊ ကျိုက်ထိုနဲ့ မုဒုံမြို့နယ်တို့မှာ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၅၀၀ ထက်မနည်း ပျက်စီးထားပြီး အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုတွေအထိ ရှိလာခဲ့ပါတယ်။

ဇူလိုင် ၂၅ ရက်နေ့ ညနေပိုင်းအထိ ရရှိထားတဲ့ အချက်အလက်တွေအရ လေပြင်းတိုက်ခတ်မှုကြောင့် သထုံမြို့နယ်မှာ အမျိုးသားတစ်ဦး နေအိမ်ပိပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် လေဆင်နှာမောင်းနဲ့ လေပြင်းတိုက်ခတ်မှုကြောင့် မွန်ပြည်နယ်ရဲ့ မြို့နယ် ခြောက်မြို့နယ်မှာ အရပ်သားပြည်သူ ၁၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိထားကာ အဲဒီထဲက တစ်ဦးဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။

သထုံအခြေစိုက် လူမှုကယ်ဆယ်ရေး အဖွဲ့ဝင်တစ်ဦးကတော့ လေပြင်းတိုက်ခိုက်မှုကြောင့် ပျက်စီး ဆုံးရှုံးမှုတွေ များပြားနေပြီး နေစရာ၊ စားစရာနဲ့ သောက်သုံးရေကအစ အကူအညီတွေ လိုအပ်နေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ပျက်စီးသွားတာတော့ တော်တော်များတယ်။ အဓိကတော့ အကုန် လိုအပ်တာကြီးပဲ။ နေစရာတွေလည်း လိုအပ်သလို စားနပ်ရိက္ခာတွေလည်း လိုအပ်တယ်။ ဆေးဝါးတွေ ဘာတွေပေါ့။ ရေတော့ မရှိဘူး။ ရေတောင်မှ ကျွန်တော်တို့ဘာ ဝယ်ပြီးတော့ သောက်ရတယ်။လောလောဆယ်တော့ ဘာမှ ထောက်ပံ့မှု မရှိဘူး။ ကိုယ်ထူကိုယ်ထနဲ့ပဲ ကိုယ်ဘာကိုပဲ ကိုယ့်စရိတ် ကိုယ်စားပဲပေါ့” လို့ ဆိုပါတယ်။

လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်အများစုမှာ လျှပ်စစ်မီးပြတ်တောက်တာ၊ အင်တာနက်နဲ့ ဆက်သွယ်ရေး လိုင်းတချို့ ပြတ်တောက်တာအပါအဝင် သစ်ပင်ကြီးတွေ ပြိုကျပျက်စီးမှုကြောင့် ဆက်သွယ်ရေးလမ်းပိုင်းတချို့ ပိတ်ဆို့မှု ဖြစ်ပေါ်နေပါတယ်။

လေဘေးသင့် ပြည်သူတွေဟာ လတ်တလောမှာ နီးစပ်ရာဘုန်းကြီးကျောင်း၊ ဓမ္မာရုံတွေနဲ့ ဆွေးမျိုးနီးစပ်နေအိမ်တွေမှာ ယာယီ ပြောင်းရွှေ့နေထိုင်နေရပြီး စစ်ကောင်စီရဲ့ ကူညီမှုတွေကိုတော့ လက်ရှိအချိန်အထိ လက်ခံရရှိတာ မရှိသေးပါဘူးလို့ ဆိုကြပါတယ်။

မွန်ပြည်နယ်ဟာ နှစ်စဉ်မိုးရာသီရောက်လာရင် သဘာဝဘေးဖြစ်တဲ့ ရေကြီးတာ၊ လေပြင်းတိုက် ခတ်တာ၊ လေဆင်နှာမောင်း ဝင်ရောက်တာအပြင် တောင်မြေပြိုကျတာတွေ ဖြစ်တတ်ပြီး အရပ် သားပြည်သူ ထိခိုက်သေဆုံးမှုတွေ ရှိနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.