ပုလော၊ ဇူလိုင် ၂၆

တနင်္သာရီတိုင်း ပုလောမြို့နယ် ပလမြို့အနီးပတ်ဝန်းကျင်မှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားလေးဦး သေဆုံးပြီး ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်နေ့ကစလို့ ပလမြို့အစပ်၊ ပလနဲ့ပုလောကြား ပြည်ထောင်စုလမ်းမပေါ်က ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတာပါ။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဟာ ပလမြို့အနီးပတ်ဝန်းကျင်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု လေးကြိမ်ထက်မနည်း ပြုလုပ်ထားသလို ပလမြို့အနီး ရပ်ထားတဲ့ စစ်သင်္ဘောကနေ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

သံလွင်တိုင်းမ်က ရရှိထားတဲ့ အချက်အလက်တွေအရ စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးကြဲတာနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပလမြို့ မီးသတ်ရုံးအနီး နေထိုင်တဲ့ အရပ်သားပြည်သူ လေးဦး သေဆုံးထားပြီး ခြောက်ဦးထက်မနည်း ဒဏ်ရာရရှိထားပါတယ်။

ပလမြို့တိုက်ပွဲဟာ ဇူလိုင် ၂၅ ရက်နေ့ နေ့လယ် ၁၂ နာရီကျော်တဲ့အချိန်အထိ ဆက်လက်ဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်သေဆုံးမှု အခြေအနေ မသိရသေးဘူးလို့ မြိတ်ခရိုင်တပ်ရင်း ၄ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲနဲ့အတူ စစ်ကောင်စီရဲ့ လေကြောင်း၊ ရေကြောင်းကနေ ဗုံးကြဲပစ်ခတ်မှုတွေကြောင့် ပလမြို့၊ ပိတပ်၊ တပို၊ လက္ကူး၊ ဗိုင်းပြင်၊ ဇရက်ဆိပ်အပါအဝင် ကျေးရွာပေါင်း ၁၀ ရွာက ဒေသခံ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.