မော်လမြိုင်၊ ဇူလိုင် ၂၇

မွန်ပြည်နယ် သထုံခရိုင် ကျိုက်ထိုမြို့နယ်နဲ့ ဘီးလင်းမြို့နယ်တို့မှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူနှစ်ဦး သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်ထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်နေ့က ကျိုက်ထိုမြို့နယ် သိပ်ဇရပ်အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၃၁၀ အမြောက်တပ်ကနေ တိုက်ပွဲမရှိဘဲ သုံးခွကျေးရွာထဲကို လက်နက်ကြီး တစ်လုံး ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် သုံးခွကျေးရွာနေ အသက် ၁၅ နှစ်အရွယ် စောအာကာ ကျည်ထိမှန်သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ဇူလိုင် ၂၃ ရက်နေ့ကလည်း ဘီးလင်းမြို့နယ် အလူးလေးကျေးရွာထဲကို စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၁၅ နှစ်အရွယ် နော်ခင်နန်းမွှေး လက်နက်ကြီး ထိမှန်သေဆုံးတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုအတွင်း ဒေသခံ နေအိမ် ငါးလုံး ထိမှန်ပျက်စီးခဲ့ပြီး ရော်ဘာခြံနဲ့ ဥယျာဉ်ခြံတချို့ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဟာ ကျိုက်ထိုမြို့နယ် ဆောင်နိုင်ကြီးကျေးရွာကို ဂျက်ဖိုက်တာ တိုက်လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး တစ်လုံး လာရောက်ကြဲချခဲ့ပေမယ့် လူထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီက KNU သထုံခရိုင်ရဲ့ ကျေးရွာတွေကို အကြောင်းမဲ့ လက်နက်ကြီးပစ်တာ၊ လေ ကြောင်းကနေ ဗုံးကြဲနေတာကြောင့် ဒေသခံတွေဟာ စိုးရိမ်ကြောက်လန့်စိတ်နဲ့ နေထိုင်နေရပြီး မိသားစုစားဝတ်နေရေးပါ ထိခိုက်မှုတွေ ရှိလာခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့ ဇွန်လအတွင်း KNU သထုံခရိုင်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူတစ်ဦး သေဆုံးပြီး ခုနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၁၁ လုံး ပျက်စီးခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.