ကလိန်အောင်၊ ဇူလိုင် ၂၆
တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကလိန်အောင်မြို့မှာ စစ်ကောင်စီတပ်က အရပ်သားတစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ဒေသခံတွေရဲ့ ပြောပြချက်တွေကို အတည်ပြုပြီး ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၄) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်နေ့က ကလိန်အောင်မြို့အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၂၈၂ ခြေလျင်တပ်ရင်း ဧရိယာ ဓါတ်ငွေ့ပိုက်လိုင်းအနီးမှာ အသတ်ခံထားရတဲ့ အမျိုးသားတစ်ဦး ရုပ်အလောင်းကို ဒေသခံတွေက တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
အလောင်းပြန်လည် တွေ့ရှိခဲ့တဲ့ နေရာဟာ ပြီးခဲ့တဲ့ နှစ်ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အခြေပြုလှုပ်ရှားခဲ့တဲ့ နေရာ ဖြစ်ပြီး ခလရ(၂၈၂) တပ်ရင်းဌာနချုပ်နဲ့ မီတာ ၂၀၀၀ ခန့်အကွာမှာ တည်ရှိနေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အဲဒီနေ့က မသင်္ကာတဲ့ ရွားတစ်ဦးအား ဖမ်းဆီးစစ်ဆေးပြီးနောက် ပစ်ခတ်သတ်ဖြတ်ခဲ့တာ ဖြစ်ကြောင်း ဒေသခံတွေရဲ့ ပြောပြချက်ကို KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ထားပါတယ်။
အသတ်ခံရတဲ့ အမျိုးသားအား မည်သူမည်ဝါဖြစ်ကြောင်းနဲ့ ဘယ်ရွာသားဖြစ်ကြောင်း ရပ်မိရပ်ဖနဲ့ ဒေသခံတွေ ဆက်လက် စုံစမ်းလျက်ရှိတယ်လို့ အသိပေးထားပါတယ်။
ဒါကြောင့် စစ်ရေးတင်းမာမှုဖြစ်ပွားနေတဲ့ အရပ်မှာ နေထိုင်တဲ့ ဒေသခံတွေအနေနဲ့ အထူးအသိကပ်၊ သတိချပ်ပြီး ပြုမူ နေထိုင် လှုပ်ရှားသွားလာကြဖို့ KNU မြိတ်ထားဝယ်ခရိုင်က တိုက်တွန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media