ဘားအံ၊ ဇူလိုင် ၂၅

ကရင်ပြည်နယ် ဘားအံမြို့နယ် ဘားအံအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတစ်ဦး မတရား ဝိုင်းဝန်း ရိုက်နှက်ခံရတာကြောင့် သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်နေ့ တန်းပိတ်ချိန်မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည) နဲ့ ထောင်ဒဏ် ၇ နှစ် ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုအောင်နိုင်စိုးကို အခြားထောင်ဝန်ထမ်း ၃၀ ဦးလောက်က မတရား ညှဉ်းပန်းနှိပ်စက်ခံရတာကြောင့် သေဆုံးခဲ့တာပါ။

ကိုအောင်နိုင်စိုးကို အကျဉ်းထောင်ဝန်ထမ်းတွေက သက်ကြီးဆောင်မှာ အချင်းချင်းမတော်တဆ စကားများရာမှ ပါဝင်တယ်လို့ စွပ်စွဲကာ တန်းပိတ်ချိန်မှာ ပြင်ပကို ခေါ်ထုတ်ရိုက်နှက်ခဲ့ရာမှ ရရှိခဲ့တဲ့ ဒဏ်ရာတွေနဲ့ အဲဒီနေ့မှာပဲ သေဆုံးခဲ့တယ်လို့ PPNM ဗဟိုဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်ဦးက သံလွင်တိုင်းမ် ပြောပါတယ်။

သက်ကြီးဆောင်ရဲ့ အချင်းချင်းစကားများရာမှာ ကိုအောင်နိုင်စိုး ပါဝင်ခြင်း မရှိတဲ့ပြင် နဂိုမူလကတည်းက ကိုအောင်နိုင်စိုးကို အခြားအကျဉ်းဦးစီးဝန်ထမ်းတွေက မနာလို မုန်းတီးမှုနဲ့ အကြောင်းပြချက်တစ်ခုပေးပြီး လုပ်သင့်တာထက်ပိုပြီး လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါအပြင် ကိုအောင်နိုင်စိုး သေဆုံးတာကို နှလုံးရောဂါနဲ့ သေဆုံးခဲ့တယ်လို့ ဘားအံထောင်အာဏာပိုင်တွေက လိမ်လည်ထွက်ဆိုခဲ့တယ်လို့ PPNM က ဖော်ပြထားပါတယ်။

ဘားအံထောင်က ထောင်ဝန်းထမ်းတွေဟာ အခုနှစ်ပိုင်းမှာ အရင်ကထက် ပိုပြီးနိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်ခဲ့နေသလို တန်းစီချိန် ခေါင်းအနည်းငယ်လှုပ်ရင်လည်း ချက်ချင်းခေါ်ယူကာ ခြေကျင်းဒေါက်ခတ်တဲ့အထိ လူ့အခွင့်အရေး ချိုးဖောက်နေတယ်လို့ သိရပါတယ်။

ကိုအောင်နိုင်းစိုးကို အခုလို မတရား ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်သူတွေမှာ လက်ထောက်ကြီးကြပ်ရေးမှူး ကြည်ခိုင်၊ လက်ထောက်ကြီးကြပ်ရေးမှူး သွင်ထူး၊ ဒုတိယတပ်ကြပ် စိုးသူရသိန်း၊ တပ်သား ကိုကိုဖြိုး၊ တပ်သားချစ်ဦးဇော်နဲ့ တပ်ကြပ်ကြီး ဝင်းမောင် တို့ပါဝင်ခဲ့ပြီး ကျန်တဲ့သူတွေကိုလည်း ထပ်မံစီစစ်ဖော်ထုတ်သွာမယ်လို့ PPNM က ဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်နေ့ကလည်း မွန်ပြည်နယ် သထုံအကျဉ်းထောင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အလုပ်အမှုဆောင်တစ်ဦးဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသား ကိုပြည့်စုံအောင်ဟာ အကြောကတ်ကာ ဆေးဝါးကုခွင့်မရဘဲ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – PPNM

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.