နေပြည်တော် ၊ ဇူလိုင် ၂၅
အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့အကြား ဖြစ်ပွားနေတဲ့ စစ်ရေးအခြေအနေတင်းမာမှုတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ မြန်မာနိုင်ငံက စစ်ကောင်စီနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့က အပြိုင်အဆိုင် တိုက်တွန်းကြပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ဟာ မြန်မာနိုင်ငံနဲ့ ရင်းနှီးတဲ့ မိတ်ဆွေနိုင်ငံတွေဖြစ်ပြီး အာဆီယံမိသားစုဝင်တွေလည်း ဖြစ်တဲ့အတွက် ပဋိပက္ခကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

အဲဒီနှစ်နိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ မိမိတို့ရဲ့ လုံခြုံရေးကို ဂရုပြုကြဖို့နဲ့ အခက်အခဲရှိရင်လည်း ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံမှာရှိတဲ့ မြန်မာသံရုံး စစ်သံရုံးတွေထံ ဆက်သွယ်အကူအညီတောင်းခံနိုင်တယ်လို့ ဇူလိုင် ၂၄ ရက်နေ့မှာ ပြောဆိုခဲ့တာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း သက်ဆိုင်ရာနိုင်ငံတွေအနေနဲ့ စစ်ရေးတင်းမာမှုအခြေအနေကို အမြန်ဆုံးငြိမ်းချမ်းစွာဖြေရှင်းနိုင်ဖို့ ဇူလိုင် ၂၄ ရက်နေ့မှာ အရေးပေါ်ထုတ်ပြန်ချက် ထုတ်ပြန်ပြီး တိုက်တွန်းခဲ့ပါတယ်။
ဒါ့အပြင် ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေအတွင်း နှစ်နိုင်ငံရှိ အရပ်သားပြည်သူတွေကို ထိခိုက်မှုတွေရှိလာတာကြောင့် နှစ်နိုင်ငံ အရပ်သားပြည်သူတွေရဲ့ လုံခြုံရေးအတွက် အထူး စိုးရိမ်မိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်ပြီး ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ဟာ ကြားနေသဘောမျိုးအဖြစ် စစ်ကောင်စီနဲ့ NUG အစိုးရတို့ကြား စားပွဲဝိုင်းပေါ် တွေ့ဆုံဆွေးနွေးရေးတွေ ဖြစ်မြောက်ဖို့ အာဆီယံအဖွဲ့အစည်းနဲ့အတူ အပြုသဘောဆောင် တိုက်တွန်းကြတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။
ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ဆိုရင် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခွင့်ရရှိရေး ၂၀၂၄ ခုနှစ် မေလအတွင်း စစ်ကောင်စီထံ တောင်းဆိုခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။
ထိုင်းနိုင်ငံကလည်း မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲတွေကို စစ်ကောင်စီအပါအဝင် တရုတ်၊အိန္ဒိယအပြင် အာဆီယံဒေသတွင်း နိုင်ငံတချို့က အဆင့်မြင့်ကိုယ်စားလှယ်တွေနဲ့ ၂၀၂၂ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ သုံးကြိမ်ထက်မနည်း ကျင်းပခဲ့တာပါ။
တစ်ဘက်မှာ မြန်မာနိုင်ငံက စစ်အာဏာရှင်စနစ်ကို တော်လှန်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ NUG ဝန်ကြီးချုပ်တို့ကို ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဌနဲ့အတူ တွေ့ဆုံဆွေးနွေးမှုတွေလည်း ရှိခဲ့ပြန်ပါတယ်။
အခုလက်ရှိမှာတော့ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ ရက်သတ္တပတ်များစွာ အငြင်းပွားနေတဲ့ နယ်စပ်ဒေသရှိ ရှေးဟောင်းဘုရားကျောင်းနဲ့ပတ်သက်လို့ တင်းမာမှုတွေ မြင့်တက်လာပြီးနောက် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးကို အဆင့်လျှော့ချခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီနောက် နယ်စပ်မှာ ထိုင်းစစ်သား တစ်ယောက် မိုင်းနင်းမိလို့ ခြေထောက်ဆုံးရှုံးလိုက်ရပြီး တစ်ရက်အကြာ ဇူလိုင် ၂၄ ရက် မနက်မှာ နှစ်နိုင်ငံကြားက စစ်သားတွေ အပြန်အလှန် ပစ်ခတ်ခဲ့ကြရာကနေ တစ်ကျော့ပြန် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာပါ။
ဒီအခြေအနေကြောင့် အဲဒီနှစ်နိုင်ငံရှိ စစ်ရေးတင်းမာနေတဲ့ ဒေသတွေမှာ ရောက်ရှိသူတွေ ခရီးသွားလာနေသူ အလုပ်လုပ်နေသူ မြန်မာနိုင်ငံသားတွေအနေနဲ့လည်း ဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်အခြေအနေ ညွှန်ကြားချက်တွေ သတိပေးချက်တွေကို လိုက်နာကြဖို့ NUG က အထူးတိုက်တွန်းထားတာပါ။
ဒါ့အပြင် ထိုင်း၊ ကမ္ဘောဒီးယားနဲ့ မြန်မာပြည်သူတွေဟာ လုပ်ငန်းခွင်မှာ အတူတကွ လုပ်ကိုင် နေထိုင်ကြတာဖြစ်လို့ မြန်မာပြည်သူတွေအနေနဲ့ ဂရုတစိုက် နေထိုင်ကြဖို့နဲ့ ပဋိပက္ခကို ပိုမိုတင်းမာစေမယ့် ပြောဆိုရေးသားမှုတွေ လူမှုကွန်ရက်မှာ မျှဝေတာတွေကို ဆင်ခြင်ကြဖို့ကိုလည်း သတိပေးခဲ့ပါတယ်။
ထိုင်းနိုင်ငံကို ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေကလည်း ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံကြား ဖြစ်ပွားနေတဲ့ စစ်ရေးတင်းမာမှုအခြေအနေတွေကြောင့် လုပ်ငန်းခွင်အပါအဝင် သွားလာနေထိုင်တာတွေ သတိပြုဆင်ခြင်ကြဖို့ အွန်လိုင်းကနေ အချင်းချင်း သတိပေးကြတာတွေလည်း တွေ့ရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media