ရီယိုဒီဂျနေးရိုး၊ ဇူလိုင် ၅
၁၂ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် BRICS အစည်းအဝေး မတက်ဘူးလို့ ပြောထားတဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ နိုင်ငံတကာရာဇဝတ် တရားရုံး ICC ဖမ်းဝရမ်းကြောင့် ဘရာဇီးသို့ မသွားဘူးလို့ ပြောထားတဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ မပါတဲ့ အစည်းအဝေးကို ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးမြို့မှာ ဇူလိုင် ၄ ရက်က စတင်ခဲ့ပါတယ်။
အနောက် အင်အားကြီးနိုင်ငံတွေကို တရုတ်ဦးဆောင်ပြီး တန်ပြန် ထိန်းညှိမှု လုပ်ဆောင်နေတဲ့ BRICS အနေနဲ့ အမေရိကန်ရဲ့ ကြီးလေးတဲ့ အခွန်အတုပ်တွေနဲ့ ပတ်သက်လို့ အဓိက ဆွေးနွေးနေပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်စုကျော်က ဖွဲ့စည်းခဲ့တဲ့ အဲဒီ အဖွဲ့မှာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေ ပါဝင်နေပေမယ့် တရုတ်က ကြီးစိုးထားပြီး သူတို့ရဲ့ စီးပွားရေး ဖွဲ့ဖြိုးမှုကလည်း အဖွဲ့ဝင်တွေထဲမှာ အများဆုံး ဖြစ်ပါတယ်။
၂၀၁၂ ခုနှစ်မှာ သမ္မတ ဖြစ်လာပြီး နောက်ပိုင်း ပထမဆုံးအနေနဲ့ ရှီကျင့်ဖျင် အစည်းအဝေး မတက်ရတဲ့ အကြောင်းရင်းကို ဘေဂျင်းက ထုတ်ဖော်ပြောဆိုထားတာ မရှိပါဘူး။
ရုရှားသမ္မတကတော့ ICC ဖမ်းဝရမ်းကြောင့် ဘရာဇီးကို သွားမှာ မဟုတ်ဘူးလို့ ကရင်မလင် နန်းတော်က အတိအလင်း ကြေညာထားပါတယ်။

BRICS အဖွဲ့အနေနဲ့ အမေရိကန်ဒေါ်လာအစား တခြား ငွေကြေးသုံးစွဲဖို့ ဘရာဇီးသမ္မတ လူလာ ဒါဆေးလ်ဗားက ကြိုတင် ပြင်ဆင်နေပါတယ်။
ဒါပေမဲ့ တရုတ်အပါအဝင် တခြား နိုင်ငံအများက အမေရိကန်နဲ့ သီးခြား ကုန်သွယ်ရေး ဆွေးနွေးမှုတွေ လုပ်ဆောင်နေပါတယ်။
နိုင်ငံတကာ ငွေကြေးလည်ပတ် စီးဆင်းမှုအပေါ် အမေရိကန် ဒေါ်လာ ကြီးစိုးထားမှုကို စိန်ခေါ်တဲ့ နိုင်ငံတွေကို အခွန် ၁၀၀ ရာခိုင်နှုန်း ကောက်ခံသွားမှာ ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရန့်က ဇူလိုင် ၄ ရက်က ခြိမ်းခြောက်ထားပါတယ်။
Ref:AFP