မော်လမြိုင် ၊ မေ ၃၁

ငလျင်လှုပ်ခတ်မှုအပြီး အရပ်သားတွေနဲ့ အများပြည်သူဆိုင်ရာအဆောက်အအုံတွေကို လေကြောင်းကနေ တိုးမြှင့်တိုက်ခိုက်လာနေတဲ့ စစ်ကောင်စီက အပစ်ရပ်စဲခြင်းအပေါ် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တွေ အလေးထားဖို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

မေ ၂၉ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ ငလျင်ဒဏ်သင့်သူတွေကို ကူညီထောက်ပံ့နိုင်ဖို့နဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ရေး ပြည်တွင်းပြည်ပအလှူရှင်တွေရဲ့ ဒုတိယအကြိမ်မြောက် အလှူငွေပေးအပ်လှူဒါန်းပွဲမှာ ပြောဆိုခဲ့တာပါ။

အခုအချိန်မှာ ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ အပျက်အစီးတွေ ရှင်းလင်းရေးနဲ့ ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေကို တစိုက်မတ်မတ် ဆောင်ရွက်နေတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

ဒီအတွက် အရှိန်အဟုန်နဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ကာလဖြစ်တဲ့အတွက် တည်ငြိမ်အေးချမ်းမှု လိုအပ်တာကြောင့် စစ်တပ်အနေနဲ့ ဧပြီ ၂ ရက်နေ့ကစပြီး မေလကုန်အထိ ယာယီအပစ်ရပ်စဲထားတယ်လို့ ဆိုပါတယ်။

ဒါကြောင့် နိုင်ငံတော်နဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွားကို ရှေးရှုပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်သူတွေအနေနဲ့လည်း ယာယီအားဖြင့် အပစ်အခတ်ရပ်စဲထားခြင်းအပေါ် အလေးထားစဉ်းစားပြီး လိုက်နာပေးကြဖို့ စစ်ခေါင်းဆောင်က တိုက်တွန်းထားတာပါ။

ဒီအပေါ် စစ်ကောင်စီနဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU အပါအဝင် က ချင်လွတ်လပ်ရေးတပ်မတော် KIA၊ အာရက္ခတပ်တော် AA နဲ့ တအာင်းတပ် TNLA တို့ကို သံလွင်တိုင်းမ်က ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ခဲ့ပါဘူး။

မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း ပရိုဂရမ်ဒါရိုက်တာ နိုင်အဲမွန်က အပစ်ခတ်ရပ်စဲရေးဟာ လိုက်နာရမယ့် ကျင့်ဝတ်မူ‌ဘောင်တွေ အရေးကြီးပေမယ့် စစ်တပ်က လူသားမျိုးနွယ်အပေါ် စစ်ရာဇဝတ်မှု ကျူးလွန်နေတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်တော်တို့သိထားတဲ့ အပစ်ရပ်စဲရေးဟာ ကျင့်ဝတ်တွေ စည်းကမ်းတွေ သဘောတူညီချက် မူဘောင်တွေ လိုအပ်တယ်။ အဲဒါတွေကို ကိုယ်ကလုံးဝချမှတ်ထားပြီး ကြေညာထားပြီဆိုရင် ကျင့် ဝတ်တွေကို လိုက်နာဖို့ မူဘောင်တွေကို သဘောတူညီဖို့ အထူးသဖြင့် ကတိပြုထားတဲ့အတိုင်း လိုက်နာဆောင်ရွက်ဖို့ဆိုတာ အင်မတန်မှ အရေးကြီးပါတယ်။ စစ်အုပ်စုက ဒါတွေကို လုံးဝမလုပ်ခဲ့တဲ့အပြင် နေ့စဉ်ရက်ဆက် War Crime တွေ Criminal Humanity တွေကို နေ့တိုင်းကျူးလွန်နေတာ ထင်ရှားပါတယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီက မတ် ၂၈ ရက်နေ့မှာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသကို အင်အားပြင်းလှုပ်ခတ်ခဲ့တဲ့ င လျင်အပြီး ယာယီအပစ်ခတ်ရပ်စဲရေးကို ဧပြီ ၂ ရက်နေ့ကနေ မေ ၃၁ ရက်နေ့အထိ သုံးကြိမ် ကြေ ညာခဲ့ပါတယ်။

ဒါပေမယ့် ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှုကြိမ်ရေ ၇၄၁ ကြိမ်မနည်းရှိခဲ့ပြီး အဲဒီပမာဏရဲ့ ၉၀ ရာခိုင်နှုန်းဟာ ဧပြီ ၂ ရက်နေ့ အပစ်ရပ်ကြေညာပြီးနောက် တိုက် ခိုက်ခဲ့တာလို့ ISP-Myanmar က ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေဟာ တိုက်ခိုက်ရေးလေယာဉ်တွေအပါအဝင် ဒရုန်းနဲ့ စက်တပ်လေထီးတွေကိုအသုံးပြုပြီး စစ်ရေးတင်းမာနေတဲ့ နေရာတွေအပြင် ပဋိက္ခလုံးဝမရှိတဲ့ မြို့ရွာတွေကိုပါ လေ ကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာပါ။

အဲဒီလိုလုပ်ရာမှာ စစ်ရေးပစ်မှတ်တွေအပြင် စစ်ကောင်စီ ထိန်းချုပ်နိုင်မှုမရှိတော့တဲ့ ဒေသတွင်းက လူနေရပ်ကွက်၊ ကျေးရွာ၊ ဆေးရုံ၊ သာသနိကအဆောက်အအုံတွေနဲ့ စာသင်ကျောင်းတွေလည်း ပါ ဝင်တယ်လို့ ISP-Myanmar ရဲ့အချက်အလက်တွေက ဖော်ပြပါတယ်။

လေ့လာသူတွေကတော့ စစ်ကောင်စီရဲ့ အပစ်ခတ်ရပ်စဲရေးဟာ နိုင်ငံတကာလူသားချင်းစာနာမှုအကူအညီတွေအတွက် အလှူရှင်တွေရဲ့ မူဝါဒဆုံးဖြတ်မှုဆိုင်ရာ မူဘောင်တွေနဲ့ အာဆီယံမှာ မျက် နှာပန်းလှစေဖို့ သက်သက်နဲ့ ဟန်ပြတာလို့ ဝေဖန်ပါတယ်။

နိုင်အဲမွန်က အပစ်ရပ်ကြေညာပြီးတာနဲ့ တစ်ပြိုင်နက် အဆိုးဝါးဆုံးအခြေအနေကြားက ပြည်သူတွေကို စစ်ကောင်စီက အလစ်ငိုက်အခွင့်ရေးရတိုင်း လက်စားချေသလိုမျိုးဖြစ်နေတယ်လို့ သူ့အမြင်ကို ပြောပါတယ်။

“အပစ်ရပ်စဲရေးကြေညာချက်ကို ထုတ်ပြီးတာနဲ့ တစ်ပြိုင်နဲ့ထဲပဲ သူတို့ဘက်ကနေ ချိုးဖောက်မှုတွေ ထပ်ခါတလဲလဲ လုပ်နေတာတွေ့ရတယ်။ ငလျင်ဒဏ်နဲ့ ပြည်သူတွေရင်ဆိုင်နေရတဲ့ အဆိုးဝါးဆုံးအခြေအနေတွေကြားထဲမှာ အလစ်ငိုက်အခွင့်အရေးရတိုင်း နွေဦး‌တော်လှန်ရေးကို ဝန်းရံနေဆဲဖြစ်တဲ့ ပြည်သူတွေကို အငြိုးပုံစံမျိုးနဲ့ လက်စားချေသလိုမျိုး ဖြစ်နေတယ်လို့ ကျွန်တော်မြင်တယ်”လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနက စာရင်းတွေအရ စစ်ကောင်စီရဲ့ အပစ်ရပ်ကြေညာချက် နှစ်ကြိမ်အတွင်း နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အ ရပ်သား ၃၀၀ နီးပါး သေဆုံးခဲ့ပြီး ၄၅၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အာဆီယံရဲ့ ဦးဆောင်မှုနဲ့ နိုင်ငံတကာကနေ ပါဝင်တဲ့ စနစ်ကျတဲ့ ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ထိန်းသိမ်းရေး ယန္တရားမျိုး မရှိရင် အရပ်သားပြည်သူတွေကို ထိရောက်စွာ ကာကွယ်နိုင်မှာမဟုတ်ဘူးလို့ NUG က ထောက်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-The Nation

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.