ရခိုင်၊ မေ ၂၃
ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး စစ်မှုမထမ်းဖို့အတွက် နေရပ်စွန့်ခွာထွက်ခွာဖို့ ကြိုးစားနေကြတဲ့ ဒေသနေပြည်သူတွေကို တိုင်းပြည်တာဝန်ထမ်းဆောင်ဖို့အတွက် ပြည်မ၊ ပြည်ပကို ထွက်ခွာခွင့် မပြုတော့ဘူးလို့ အာရက္ခတပ်တော် AA က မေ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အာရက္ခတပ်တော်ဟာ အမျိုးသားကာကွယ်ရေးဆိုင်ရေးဆိုင်ရာ အရေးပေါ်ပြဌာန်းချက် NDEP ကို ပြီးခဲ့တဲ့ မတ် ၁၈ ရက်နေ့မှာ စတင်ပြဌာန်းခဲ့တာဖြစ်ပြီး ရခိုင်ဒေသအတွင်းရှိ ပြည်သူတစ်ရပ်လုံးရဲ့ အသက် အိုးအိမ် စည်းစိမ် လုံခြုံရေးကို အထူးအလေးပေး ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

လူငယ်လူရွယ်အနည်းစုဟာ AA က ပြဌာန်းလိုက်တဲ့ အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဌာန်းချက်အပေါ် သေချာစွာနားမလည်ဘဲ အဓိပ္ပါယ်ကောက်မှားပြီး တိုင်းပြည်တာဝန်ထမ်းဆောင်မှုကို ရှောင်ရှားဖို့အတွက် ရခိုင်ပြည်နယ်အတွင်းက ထွက်ခွာဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားနေတယ်လို့ AA က ဆိုထားပါတယ်။

ဒါကြောင့် AA က ရခိုင်ပြည်နယ်အတွင်းကနေ ပြည်မပြည်ပထွက်ခွာလိုတဲ့ လူငယ်တွေကို စည်းကမ်းချက် ၄ ချက်နဲ့ ထုတ်ပြန်တားမြစ်လိုက်တာ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အကြောင်းပြချက်မခိုင်လုံတဲ့ အချက်အလက်တွေနဲ့ အာရက္ခဒေသအတွင်းက နေရပ်စွန့်ခွာ ထွက်ခွာလိုတဲ့သူတွေအနေနဲ့ NDEP အရ စစ်မှုထမ်းဖို့ အကျုံးဝင်ပြီး စစ်မှုမထမ်းလိုတာကြောင့် ရခိုင်ဒေသမှ ပြင်ပကို ထွက်ခွာဖို့ ကြိုးစားနေသူတွေကို ခွင့်မပြုတော့ဘဲ စစ်ရေးအခြေအနေ တစ်ခုအထိ တားမြစ်လိုက်တာ ဖြစ်ပါတယ်။

အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ကုသမှုမပြီးသေးဘဲ ပြင်းထန်ရောဂါရှိတဲ့ လူနာတွေ အသက်အန္တရာယ်စိုးရိမ်ရတဲ့ လူနာတွေကလွဲပြီး အမျိုးသမီး အသက် ၁၈ နှစ်မှ ၂၅ နှစ်အထိ၊ အမျိုးသား ၁၈ နှစ်မှ ၄၅ နှစ်အထိ အကျုံးဝင်သူတွေကို အရေးပေါ်ကာလပြီးဆုံးတဲ့အထိ တားမြစ်လိုက်တယ်လို့ ဖော်ပြထားပါတယ်။
အာရက္ခဒေသအတွင်းရှိ နေရပ်စွန့်ခွာလိုသူတွေကို ကုန်းလမ်း ရေလမ်းတွေမှာ အခကြေးငွေယူပြီး သယ်ယူပို့ဆောင်ပေးနေသူတွေကို တွေ့ရှိပါက တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အခြေခံစားသောက်ကုန် ရောင်းဝယ်နေတဲ့ ကုန်သည်တွေ နွားကုန်သည်တွေအနေနဲ့ လက်ရှိအချိန်မှာ လူပိုခေါ်ဆောင်ခြင်း အခကြေးငွေယူပြီး လူကယ်ရီပို့ဆောင်ခြင်းတွေ လုံးဝ မပြုလုပ်ဖို့ တားမြစ်လိုက်ပါတယ်။
စစ်ကောင်စီထိန်းချုပ်ရာ နေရာတွေမှာ ရခိုင်လူမျိုးမှတ်ပုံတင်ကိုင်ဆောင်ထားသူတွေ ခရီသွားလာနေတဲ့ ရခိုင်လူမျိုးတွေကို ရည်ရွယ်ချက်ရှိရှိ ဖမ်းဆီးပြီး ငွေညှစ်မှု ပြန်ပေးဆွဲထားသလို ဖမ်းဆီးထိန်းသိမ်းမှု ပုဒ်မအမျိုးမျိုးတပ်ပြီး မတရားထောင်ချမှု လူသတ်အလောင်းဖျောက်မှုတွေမှ ကင်းဝေဖို့ အခုလို တားမြစ်လိုက်တယ်လို့ ဆိုပါတယ်။
လက်ရှိ အာရက္ခတပ်တော် AA က ကြေညာလိုက်တဲ့ အရေးပေါ်ကြေညာချက်ကို ပြန်လည်ရုတ်သိမ်းမယ့်အချိန် ထပ်မံ အသိပေး ကြေညာမယ်လို့ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – AA