ရန်ကုန်၊ မေ ၂၂
သံအမတ်ဟောင်းတစ်ဦးလည်းဖြစ်တဲ့ ဝဏ္ဏကျော်ထင်ဘွဲ့ရ အငြိမ်းစားဗိုလ်ချုပ် ချိုထွန်းအောင်ကို ရန်ကုန်မြို့ရှိ သူရဲ့ နေအိမ်မှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ Golden Valley Warriors က ဒီကနေ့ မနက်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
လုံခြုံရေးတင်းကျပ်ထားတဲ့ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် အေဝမ်းလမ်းက နေအိမ်မှာ နေထိုင်နေတဲ့ အငြိမ်းစားဗိုလ်ချုပ် ချိုထွန်းအောင်ကို ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ Golden Valley Warriors က သေနတ်နဲ့ အနီးကပ် လေးချက်ပစ်ခတ်ပြီး ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။
ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ Golden Valley Warriors ကတော့ အငြိမ်းစားယူပြီးနောက် စစ်ကောင်စီကို အကြံပေးပြုလုပ်နေတဲ့ အငြိမ်းစားဗိုလ်ချုပ် ချိုထွန်းအောင်အား ရှင်းလင်းဖို့အတွက် အချိန် ၄ လလောက် ပြင်ဆင်ခဲ့ရတယ်လို့ ဆိုပါတယ်။
အငြိမ်းစားဗိုလ်ချုပ် ချိုထွန်းအောင်ဟာ စစ်ကောင်စီရဲ့ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှာ နိုင် ငံတော်လုံခြုံရေးနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဘာသာရပ်၊ နိုင်ငံတကာဆက်ဆံရေး ဘာသာရပ် နှစ်ခုကို သင်ကြားပေးနေသူ ဖြစ်တယ်လို့ ဆိုပါတယ်။
သူကိုတော့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၃ ခုနှစ်မှာ ဝဏ္ဏကျော်ထင်ဘွဲ့ ပေးအပ်ခဲ့ပြီး အာဏာမသိမ်းခင်က သူဟာ ဘရူနိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံသံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တာပါ။
အဲဒီနောက် အငြိမ်းစားဗိုလ်ချုပ် ချိုထွန်းအောင်ဟာ မြန်မာပြည်ပြန်ရောက်ချိန်ကစပြီး နေပြည် တော်ရှိ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် NDC မှာ စစ်တပ်ရဲ့ အရာရှိတွေကို သင်တန်းတွေ ဆက်လက်ပို့ချပေးခဲ့တယ်လို့ ဆိုပါတယ်။
ဝဏ္ဏကျော်ထင်ဘွဲ့ရ အငြိမ်းစားဗိုလ်ချုပ် ချိုထွန်းအောင် ပစ်ခတ်ရှင်းလင်းခံရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီအပြင် တပ်လော်ဘီတွေဘက်ကတော့ ဒီကနေ့ နေ့လည် ၁ နာရီအချိန်အထိ တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုတာ မတွေ့ရသေးပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Golden Valley Warriors