မုန်း၊ မေ ၂၂
ပဲခူးတိုင်း မုန်းမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးပြီး အရပ်သားပြည်သူငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU တပ်မ ဟာ ၃ ခလယ်လွီထူခရိုင်က သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ မေ ၁၉ ရက်နေ့က မုန်းမြို့နယ် ငထွေစုတ်ကျေးရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီး နှစ်လုံး ပစ်ခတ်ခဲ့တဲ့အတွက် အသက် ၁၁ နှစ်အရွယ် နော်တာဒိုဂေး ထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် နှစ်လုံး ပျက်စီးခဲ့တာပါ။
အလားတူ မေ ၂၀ ရက်နေ့မှာလည်း မုန်းမြို့နယ်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကြက်တက်ညောင်ပင် ကျေးရွာနေ အသက် ၅၃ နှစ်အရွယ် ဒေါ်မမနဲ့ ၃၈ နှစ်အရွယ် မအေးစိုးတို့ ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီနေ့မှာပဲ မုန်းမြို့နယ် မရမ်းစိန်လေးကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ခုနှစ်လုံး ကျရောက်ပေါက်ကွဲခဲ့အတွက် အသက် ၉ နှစ်အရွယ် စောမူးထော်ဘ ထိမှန်သေဆုံးခဲ့ပြီး အမျိုးသမီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒီလက်နက်ကြီး ပစ်ခတ်မှုကို စစ်ကောင်စီရဲ့ အမှတ် ၆၀ ခြေလျင်တပ်ရင်းနဲ့ အမှတ် ၃၅၁ ခြေမြန် တပ်ရင်းအပါအဝင် နတ်သံကွင်းအခြေစိုက် စစ်ကောင်စီတပ်ရင်းတွေကလည်း လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ KNU ဆိုထားပါတယ်။
မုန်းမြို့နယ်မှာ စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU