ဘီးလင်း၊ မေ ၂၃
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ပဏ္ဍိကုန်းကျေးရွာမှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့ မေ ၂၁ ရက်နေ့ ည ၈ နာရီခွဲအချိန်ခန့်မှာ ဘီးလင်းအခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၃ ခြေမြန်တပ်ရင်းကနေ တိုက်ပွဲမရှိဘဲ ပဏ္ဍိကုန်းကျေးရွာထဲကို လက်နက်ကြီး နှစ်လုံးထက်မနည်း ပစ်ခတ်ခဲ့တာပါ။
လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်ပိုင်ရှင် အသက် ၄၀ အရွယ် ဒေါ်အေးနိုင်ဟာ အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးခဲ့ပြီး အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုအတွင်း နေအိမ်နှစ်လုံး ထိမှန်ပျက်စီးခဲ့ပြီး ဒေသခံပြည်သူတချို့ တိမ်းရှောင်တာတွေ ရှိနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့ ပဏ္ဍိကုန်းကျေးရွာမှာ တိုက်ပွဲဖြစ်တာမရှိသလို တော် လှန်ရေးအဖွဲ့တွေ တပ်စွဲထားတာလည်း မရှိဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်နေ့ကလည်း မွန်ပြည်နယ် ဘီးလင်းမြို့နယ် မင်းစောကျေးရွာရှိ ဘုန်းကြီး ကျောင်း ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် အရပ်သားနှစ်ဦးသေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KHRG