ဝါရှင်တန်၊ မေ ၂၂
သမ္မတ ဒေါ်နယ်ထရန့်ရဲ့ အမာခံထောက်ခံသူ တချို့ကတောင် ဝေဖန်ခဲ့တဲ့ ကာတာနိုင်ငံက လက်ဆောင်ပေးတဲ့ Air Force One အဖြစ်သုံးမယ့် လေယာဉ်ကို အမေရိကန်က လက်ခံရယူလိုက်ပြီ ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန အရာရှိတွေက ပြောကြားလိုက်ပါတယ်။
ဖက်ဒရယ် စည်းကမ်းဥပဒေတွေနဲ့အညီ ကာတာက ပေးတဲ့ Boeing 747 လေယာဉ်ကို ကာကွယ်ရေးဝန်ကြီးဌာနက လက်ခံရယူပြီး ဖြစ်ကြောင်း ပင်တဂွန်အကြီးအကဲရဲ့ ပြောရေးဆိုခွင့်ရှိသူ ရှောင် ပါနဲလ်က မေ ၂၁ ရက်မှာ ပြောကြားခဲ့တာပါ။

သမ္မတရုံး အရာရှိတွေ စီးနင်းမယ့် အဲဒီ လေယာဉ်ကို အသုံးမပြုခင် အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ရဦးမယ်လို့ အမေရိကန်အရာရှိတွေက ပြောထားပါတယ်။
ဒီလက်ဆောင်ဟာ တရားဝင် ဖြစ်ပေမယ့် လက်ဆောင် လက်ခံရယူမှာ ဖြစ်ကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်မှာ ကြေညာမှုကြောင့် အငြင်းပွားစရာ အများကြီး ဖြစ်ခဲ့တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။
အဲဒီ လေယာဉ်ကို ကာတာ တော်ဝင်မိသားစုက လက်ဆောင်ပေးတာ ဖြစ်ပြီး ကန်ဒေါ်လာ သန်း ၄၀၀ တန်ဖိုးရှိတယ်လို့ သိရပါတယ်။

အဲဒီ လေယာဉ်ကို ထရန့်ရဲ့ရာထူး သက်တမ်းကုန်ချိန်မှာ သမ္မတ စာကြည့်တိုက်သို့ လွှဲပေးသွားမှာ ဖြစ်တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။
အဲဒီ လေယာဉ်ကို အမေရိကန်သမ္မတ စီးနင်းနိုင်ဖို့ လုံခြုံရေး အဆင့်မြှင့်တင်ရဦးမှာ ဖြစ်ပြီး နျူကလီးယား ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ လှိုင်းဒဏ်ကို ခံနိုင်အောင် လုပ်ရဦးမယ်လို့ သိရပါတယ်။
အမေရိကန် ဖွဲ့စည်းပုံအရ လွှတ်တော်ရဲ့ ခွင့်ပြုချက် မရှိဘဲ ပြည်ပ တစ်နိုင်ငံက ပေးတဲ့ လက်ဆောင်တွေကို လက်မခံရဘူးလို့ သတ်မှတ်ထားပေမယ့် အခုလို လက်ခံခဲ့တဲ့အတွက် အငြင်းပွားမှုတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
Ref:BBC