နေပြည်တော် ၊ မေ ၂၂
နိုင်ငံတော်ရဲ့ အမြင့်ဆုံးရာထူး လေးနေရာ ရယူထားတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က ရွေးကောက်ခံအစိုးရရဲ့ သမ္မတဖြစ်ဖို့ ရွေးကောက်ပွဲကျင်းပနိုင်မယ့် အခင်းအကျင်းတွေကို ထုတ်ပြောလာပါတယ်။
ရွေးကောက်ပွဲကျင်းပပြီး ရွေးကောက်ခံအစိုးရနဲ့ နိုင်ငံ့အရေးဆောင်ရွက်တာဟာ နိုင်ငံအတွက် အ ကောင်းဆုံးလို့ မေ ၁၉ ရက်နေ့က ပြုလုပ်တဲ့ စစ်ကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောသွားခဲ့တာပါ။
ရွေးကောက်ပွဲကျင်းပရာမှာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ အဆုံးအဖြတ်နဲ့ ဆောင်ရွက်နိုင်တာကို အခြေခံဥပဒေမှာ ပြဌာန်းထားတယ်လို့လည်း စစ်ခေါင်းဆောင်က ဆိုပါတယ်။
ဒီဇင်ဘာ တတိယပတ်ကနေ ဇန်နဝါရီ ဒုတိယပတ်အထိ ရွေးကောက်ပွဲတွေ အပိုင်းလိုက်ကျင်းပနိုင်ဖို့ စစ်ကောင်စီအနေနဲ့ နိုင်ငံတော်ကို ကြေညာထားတဲ့ အရေးပေါ်အခြေအနေကို ရုတ်သိမ်းပြီး ကြားဖြတ်အစိုးရတစ်ရပ် ဖွဲ့စည်းပေးရမှာပါ။
လက်ရှိ တိုးယူထားတဲ့ အရေးပေါ် သက်တမ်း ၆ လဟာ ဇူလိုင် ၃၁ ရက်နေ့မှာ ကုန်ဆုံးပြီး အဲဒီနေ့မှာ ကာလုံလို့ ခေါ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ယူကာ အဆုံးအ ဖြတ်ပေးရမှာ ဖြစ်ပါတယ်။
ကာလုံအစည်းအဝေးမှာ တင်ပြလာတဲ့အချက်တွေအပေါ် အာဏာအရှိဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ ယာယီသမ္မတကပဲ အဆုံးအဖြတ်ပေးရမှာဖြစ်လို့ ယာယီသမ္မတရာထူးကို လွှဲပြောင်းရယူထားတဲ့ စစ်ခေါင်း ဆောင်အနေနဲ့ လိုသလို ဆုံးဖြတ်နိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေတာပါ။
တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က စစ်ခေါင်းဆောင်တစ်ဦးတည်းကပဲ အာဏာသုံးရပ်စလုံးကို စီမံခန့်ခွဲပြီး ဥပဒေအရ အရေးပေါ်အခြေအနေပယ်ဖျက်ကြောင်း ကြေညာပြီးရင် ခြောက်လအတွင်း ရွေးကောက်ပွဲလုပ်ရမယ်လို့ ပြောပါတယ်။
“အဲဒီလိုပဲ ဘယ်ဘက်လက်ကနေ ညာဘက်လက်ကို လွှဲအပ်ကြောင်းကြေညာပြီးတော့ ကာလုံဘက်ကို မင်းအောင်လှိုင်ကဆက်ပြီး အုပ်ချုပ်လိမ့်မယ်။ နောက်အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးကိုလည်း သူကပဲ စီမံခန့်ခွဲပြီးတော့ တစ်ခါအဲဒီဟာတွေကို သူကကာလုံက အသစ်ခန့်ရမယ်။ ကော်မရှင်ကိုလည်း အသစ်ခန့်ရမယ်။ ပြီးတော့မှ ကော်မရှင်ကနေ ရွေးကောက်ပွဲတွေကို ခြောက်လအတွင်း လုပ်ရမယ်။ အဲဒီလို ကာကွယ်ရေးဦးစီးချုပ်ကနေပြီးတော့ (ကာလုံအစည်းအဝေးမှာ) အစီ ရင်ခံတဲ့နေ့မှာပဲ (အရေးပေါ်အခြေအနေ) ပယ်ဖျက်ကြောင်း ကြေညာပြီးတော့ ခြောက်လအတွင်း ရွေးကောက်ပွဲတွေ လုပ်ရမယ်။ အဲဒါက ဥပဒေပြဌာန်းချက်တွေပေါ့” လို့ ဆိုပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ တကယ်လို့ ဇူလိုင် ၃၁ ရက်နေ့မှာ အရေးပေါ်အခြေအနေကို ရုတ်သိမ်းကြောင်း ကြေညာရင် အရပ်သားအစိုးရတစ်ရပ်ဖွဲ့စည်ပြီး ရွေးကောက်ပွဲကော်မရှင်ကိုလည်း အသစ်ဖွဲ့စည်းရမယ်လို့ ဦးကြီးမြင့်က ဆက်ပြောပါတယ်။
ဒါပေမယ့် အာဏာသိမ်းမှုလေးနှစ်ကျော်အတွင်း စစ်ကောင်စီအဖွဲ့ဝင်တွေကို မကြာခဏ အပြောင်း အလဲလုပ်လေ့ရှိတဲ့ စစ်ခေါင်းဆောင်အနေနဲ့ ကြားဖြတ်အစိုးရကိုလည်း လက်ရှိ အဖွဲ့ဝင်တွေနဲ့ ဆက်လက်လုပ်ဆောင်နိုင်တယ်လို့ သူက ထောက်ပြပါတယ်။
စစ်ခေါင်းဆောင်က သူတို့အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ နိုင်ငံတော်ကို တာဝန်ယူခဲ့တာဖြစ်လို့ ပြည်သူတွေလိုလားတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို မဖြစ်မနေ လျှောက်လှမ်းရမယ်လို့ ပြောပါတယ်။ ဒါကြောင့် မူလရည်ရွယ်ချက်အတိုင်း ရွေးကောက်ပွဲလုပ်ရမယ်လို့ စစ်ကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောသွားခဲ့တာပါ။
လေ့လာသူတွေကတော့ အာဏာသိမ်းမှုကနေ ဖြစ်ပေါ်လာတဲ့ အကျပ်အတည်းတွေကို ဖြေရှင်းဖို့ နိုင်ငံရေးထွက်ပေါက်အဖြစ် ရွေးကောက်ပွဲကျင်းပတာဟာ အာဏာတည်မြဲရေးဖြစ်သလို သမ္မတ အိပ်မက်ကို လက်တွေ့ အကောင်အထည်ဖော်တာလို့ သုံးသပ်ကြပါတယ်။
သမ္မတရွေးချယ်ရေးစနစ်အရ စစ်တပ်အပါအဝင် အစုအဖွဲ့ သုံးခုကနေ ရွေးချယ်ထားတဲ့ ဒုသမ္မတ တစ်ဦးချင်းစီကနေ မဲပေးရွေးချယ်တဲ့အခါ ခင်းထားတဲ့ ဇာတ်ထုပ်အရ စစ်ခေါင်းဆောင် သမ္မတဖြစ်လိမ့်မယ်လို့ ဦးကြီးမြင့်က သုံးသပ်ပါတယ်။
“သမ္မတရွေးချယ်ရေးစနစ်အရဆိုရင် သမ္မတသုံးဦးကို လွှတ်တော်ကနေ အဆိုပြုရမယ်။ အဲဒီမှာ တပ်မတော်က ကိုယ်စားလှယ်တွေက တပ်မတော်ထဲ အဆိုပြုနိုင်သူတစ်ယောက်ပေါ့။ နောက် ရွေး ချယ်တင်မြှောက်ထားတဲ့သူထဲက တစ်ယောက်၊ ရွေးချယ်တင်မြှောက်ခြင်းမခံရတဲ့သူက တစ်ယောက် ဒီလိုသွားမှာကိုး။ ဆိုတော့ မင်းအောင်လှိုင်ကပဲ တပ်မတော်ကနေ ရွေးချယ်ထားတဲ့ ဒုတိယသမ္မတလောင်းပေါ့၊ အဲဒီသုံးယောက်ထဲကမှ ပြန်ပြီးမဲပေးရမယ်ဆိုတဲ့အခါကျတော့ မင်းအောင်လှိုင်ပဲ ရမှာပေါ့။ သူခင်းထားတဲ့ ဇာတ်ထုပ်ပဲ အဲဒီတော့ မင်းအောင်လှိုင်က ၂၀၀၈ အရဆို သမ္မတဖြစ်မှာ ကြိမ်းသေတယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီပြဌာန်းခဲ့တဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ နိုင်ငံတဝန်း စည်းရုံးမယ့် ပါတီတွေထဲမှာ စစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေးပါတီ ၉ ခုသာ ရှိပါတယ်။
တစ်ဘက်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်က အစိုးရအပေါ် ထိန်းချုပ်မှုတွေလုပ်နိုင်အောင် အလေးပေးထားတာဖြစ်ပြီး ရွေးကောက်ခံမဟုတ်တဲ့ စစ်တပ်အရာရှိ ၂၅ ရာခိုင်နှုန်းဟာ ပြည်ထောင်စုလွှတ်တော်မှာ သီးသန့်အဖြစ် နေရာပေးထားတာ ဖြစ်ပါတယ်။
စစ်ကောင်စီအနေနဲ့ လက်ရှိအခြေအနေမှာ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး လက် နက်ကိုင်တိုက်ပွဲတွေကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိသလို နယ် မြေများစွာ စွန့်လွှတ်ထားရတာပါ။
ဒီအပေါ် စစ်ခေါင်းဆောင်ကတော့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲသုံးကြိမ်စလုံးမှာ ရာနှုန်းပြည့် ကျင်းပနိုင်တာမရှိခဲ့ဘူးလို့ ချေပထားပေမယ့် လက်ရှိအခင်းအကျင်းအရ မြို့နယ်အားလုံးရဲ့ သုံးပုံတစ်ပုံလောက်သာ လုပ်လို့ရနိုင်မယ့်အနေအထားလို့ လေ့လာသူတွေက ထောက်ပြပါတယ်။
ဒါကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၈၅၊ ပုဒ်မ ၁၂၈၊ ပုဒ်မ ၁၅၅ အရ ချိန်ထိုးကြည့်ရာမှာ ရွေး ကောက်ပွဲကို အထမြောက်အောင် ဆောင်ရွက်နိုင်တာ တွေ့ရတယ်လို့ စစ်ခေါင်းဆောင်က ထပ်ပြောပါတယ်။
အဲဒီပုဒ်မတွေဟာ လွှတ်တော်သုံးရပ်စလုံးရဲ့ အစည်းအဝေး ပထမနေ့မှာ တက်ရောက်ခွင့်ရှိတဲ့ ကိုယ်စားလှယ်အရေအတွက်ရဲ့ ထက်ဝက်ကျော် တက်ရောက်ရင် အထမြောက်သလို ရွှေ့ဆိုင်းရင်လည်း ကိုယ်စားလှယ်အနည်းဆုံး သုံးပုံတစ်ပုံ တက်ရောက်ရင် အထမြောက်တယ်လို့ ဖော်ပြထားပါတယ်။
ရွေးကောက်ပွဲကျင်းပနိုင်ရေး လုံခြုံရေးနဲ့ တည်ငြိမ်ရေးဟာ အဓိကကျတာကြောင့် ရွေးကောက်ပွဲလုပ်လို့ရနိုင်တဲ့ နေရာတွေအားလုံး တည်ငြိမ်မှုရှိအောင် ဆောင်ရွက်သွားဖို့ ဒုစစ်ခေါင်းဆောင်က လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယနေ့မှာ ညွန်ကြားထားတာပါ။
လေတပ် CDM တပ်ကြပ်ကြီး ဇေယျက စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲမတိုင်ခင် မြို့ရွာတွေမကျရေး ရနိုင်သလောက် ထိုးစစ်တွေရော လေကြောင်းပစ်ကူတွေပါ တိုးလုပ်လာမယ်လို့ သုံးသပ်ပါတယ်။
“ရွေးကောက်ပွဲမတိုင်ခင်တော့ သူတို့ ပြင်းပြင်းထန်ထန် ထိုးစစ်လုပ်ဖို့ အရင်ကတည်းက သူတို့ လျာ ထားတဲ့ဗျူဟာတွေရှိတယ်။ အဲဒီတော့ အဓိက မိုးတွင်းကာလတော့ သူတို့ရဲ့ တချို့ မြို့ရွာတွေ စခန်းတွေ ပြန်မကျအောင် ပြန်ပြီးလုပ်မယ့် အစီအစဉ်တော့ရှိတယ်။ သူတို့ ရနိုင်သလောက်တော့ လုပ်မယ်ဆိုရင် တိုက်ခိုက်မှုတွေ ပိုပြီး ပြင်းထန်လာနိုင်တယ်ဆိုတာတော့ ဖြစ်လာမှာပါ။ လေကြောင်းပစ်ကူပေးတာရော တိုက်ခိုက်မှုတွေရော ပိုတိုးလာမှာ” လို့ ဆိုပါတယ်။
တရုတ်အပါအဝင် နိုင်ငံ့ခေါင်းဆောင်တချို့ရဲ့ ထောက်ခံမှုကို ရရှိထားတဲ့ စစ်ကောင်စီရဲ့ ရွေးကောက် ပွဲဟာ ဒီဇင်ဘာမှာ ကျင်းပဖို့ လျာထားပေမယ့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေကိုတော့ မထုတ်ပြန်ရသေးပါဘူး။
ကော်မရှင်ကတော့ ကျင်းပမယ့်ရက် သတ်မှတ်ပြီးဖြစ်လို့ အချိန်မီ ထုတ်ပြန်ပေးမှာဖြစ်သလို ရွေး ကောက်ပွဲဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း အမည်စာရင်း စိစစ်ပြီးချိန်မှာ မဲဆွယ်စည်းရုံးရေးကာလကို သတ်မှတ်ကြေညာသွားမယ်လို့ အသိပေးထားတာပါ။
ဒီအပေါ် နိုင်ငံရေးပါတီတွေက ရွေးကောက်ပွဲကျင်းပနိုင်မယ့် မဲဆန္ဒနယ်တွေကို ကော်မရှင်ဘက်က အရင်ကြေညာပေးနိုင်မှသာ ကိုယ်စားလှယ်လောင်း ရွေးချယ်ဖို့နဲ့ မဲဆွယ်စည်းရုံးဖို့ လုံခြုံရေးကိုပါ စဉ်းစားလို့ရနိုင်မယ်လို့ ဆိုပါတယ်။
NUG နဲ့ NUCC ကတော့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေရေးအတွက် ဟန်ပြပြုလုပ်မယ့် စံနှုန်းတွေ ချို့ယွင်းနေတဲ့ တရားမဝင် ရွေးကောက်ပွဲမှာ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ ပါဝင်ခြင်း မပြုဖို့ တိုက်တွန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI