ဝါရှင်တန်၊ မေ ၂၁
အမေရိကန်က ခေတ်မီနည်းပညာပါဝင်တဲ့ ရွှေကွန်ချာ ဒုံးကျည် စနစ်အတွက် ဒီဇိုင်း တစ်ခုကို ရွေးချယ်လိုက်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ပြောကြားပြီး သူ့ရဲ့ ရာထူး သက်တမ်း အဆုံးသတ်ချိန်မှာ အသုံးပြုနိုင်လိမ့်မယ်လို့ ဖြည့်စွက် ပြောကြား ပါတယ်။
ဇန်နဝါရီက အိမ်ဖြူတော်သို့ ရောက်ရှိလာပြီး ရက်ပိုင်းအကြာမှာ ထရန့်က ပဲ့ထိန်း ဒုံးကျည်တွေနဲ့ ခရု့ဇ် ဒုံးကျည်တွေ အပါအဝင် အမေရိကန်ကို အန္တရာယ် ပေးလာနိုင်တဲ့ လာမယ့် မျိုးဆက် လေကြောင်း အန္တရာယ်တွေကို တားဆီးကာကွယ်ဖို့ ရည်ရွယ်တဲ့ အဲဒီစနစ်အတွက် သူ့ရဲ့ ရည်ရွယ်ချက်တွေကို မိတ်ဆက်ခဲ့ပါတယ်။

ဘက်ဂျက်အသစ်အတွက် ကန်ဒေါ်လာ ၂၅ဘီလီယံ သုံးဖို့ ကနဦး ရည်မှန်းထားပေမယ့် ဆယ်စုနှစ်များစွာအတွက် အဲဒီပမာဏထက် အများကြီး ပိုမို ကုန်ကျလိမ့်မယ်လို့ အမေရိကန် အရာရှိတွေက ခန့်မှန်းထားပါတယ်။
တိုက်ခိုက်လာနိုင်တဲ့ ရန်သူတွေရဲ့ အဆင့်မြင့် လက်နက်တွေကြောင့် လက်ရှိ လေကြောင်း ကာကွယ်ရေး စနစ်ဟာ ဆက်လက် တားဆီးနိုင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ အမေရိကန် အရာရှိတွေက သတိပေးထား ပါတယ်။
ဒီစီမံကိန်းကို အာကာသတပ်ဖွဲ့ ဗိုလ်ချုပ် မိုက်ကယ် ဂူတလင်က ကြီးကြပ်သွားမှာ ဖြစ်တယ်လို့ ထရန့်က ပြောပါတယ်။

ဒုတိယ သမ္မတ သက်တမ်း ၇ ရက်မြောက်နေ့မှာ ထရန့်က လေကြောင်း တိုက်ခိုက်မှုတွေကို တားဆီး ကာကွယ်နိုင်မယ့် အဲဒီစနစ်အတွက် အစီအစဉ်တွေ တင်ပြဖို့ ကာကွယ်ရေးဝန်ကြီးဌာနကို ညွှန်ကြားခဲ့ပါတယ်။
ဒီဒုံးကျည် ကာကွယ်ရေးစနစ်မှာ အာကာသအခြေစိုက် အာရုံခံ ကိရိယာတွေ ကြားဖြတ်ပစ်ချနိုင်တဲ့ လက်နက်တွေ ပါဝင်မှာ ဖြစ်ပြီး မျိုးဆက်သစ် နည်းပညာတွေ အသုံးပြုသွားမှာ ဖြစ်တယ်လို့ ထရန့်က ပြောပါတယ်။
ကမ္ဘာရဲ့ အခြား တစ်ဖက်ခြမ်းက ဒါမှမဟုတ် အာကာသက ပစ်လွှတ်တဲ့ ဒုံးကျည်တွေကိုတောင် မိမိတို့ရဲ့ ကာကွယ်ရေး စနစ်က တားဆီးပေးနိုင်မှာ ဖြစ်တယ်လို့ ထရန့်က ပြောပါတယ်။
ဒီစနစ်က အစ္စရေးရဲ့ သံကွန်ချာ လေကြောင်း ကာကွယ်ရေး စနစ်ကို နမူနာ ယူထားတာ ဖြစ်ပါတယ်။
ဒါပေမဲ့ အမေရိကန်ရဲ့ ရွှေကွန်ချာ ဒုံးကျည် ကာကွယ်ရေး စနစ်က အများကြီး ပိုကြီးမားမှာ ဖြစ်ပြီး လေကြောင်း အန္တရာယ် အမျိုးမျိုးကို တားဆီး ကာကွယ်ပေးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
Ref:BBC