မြဝတီ၊ မေ ၂၂
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဝေါ်လေမြို့နဲ့ စုကလိမြို့အနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်း တွေဖြစ်တဲ့ မော်ခီးစခန်းအပါအဝင် စခန်း နှစ်ခုကို မေ ၂၀ ရက်နေ့ကစလို့ တော်လှန်ရေးတပ် ဖွဲ့တွေ စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေတယ်လို့ နယ်စပ်သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီရဲ့ မော်ခီးစခန်းအပါအဝင် စခန်း နှစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ကော်သူးလေအာမီ KTLA တို့က ဒရုန်းတွေအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတာပါ။
စုကလိ ဝေါ်လေဒေသအတွင်း ဖြစ်ပေါ်ခဲ့တဲ့ တိုက်ပွဲအခြေအနေတွေကြောင့် ထိုင်းစစ်တပ်ဟာ နယ်စပ်လုံခြုံရေးကို တိုးမြင့်ချထားပြီး ၂၄ နာရီပတ်လုံး စောင့်ကြည့်နေတယ်လို့လည်း နယ်စပ်ထိုင်းသတင်းရင်းမြစ်တွေက ဖော်ပြထားပါတယ်။
မော်ခီးစခန်းကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း KNLA တပ်မဟာ ၆ တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်သိမ်းယူခဲ့ဖူးပြီး အဲဒီနောက်ပိုင်းမှာ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ပြန်လည်ထိုးစစ်ဆင်လာတဲ့အတွက် စခန်းဆုတ်ခွာသွားခဲ့ရတာဖြစ်ပါတယ်။
တဖက်မှာလည်း မြဝတီမြို့မြောက်ဘက် KNU တပ်မဟာ ၇ နယ်မြေထဲမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို KNLA KNDO ပူးပေါင်းအဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ ၃ လအတွင်း စစ်ကောင်စီတပ်စခန်း ၇ ခုကို သိမ်းပိုက်နိုင်ခဲ့တဲ့အတွက် အဲဒီဒေသအတွင်းမှာ စစ်ကောင်စီစခန်း အနည်းငယ်သာ ကျန်ရှိတော့တာဖြစ်ပါတယ်။
ဒ့ါအပြင် KNU တပ်မဟာ ၆ နယ်မြေ ကော့ကရိတ်၊ ကျုံဒိုး စတဲ့ ဒေသတွေမှာ စစ်ကောင်စီတပ်နဲ့ KNLA ဦးဆောင်တဲ့ တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုတို့အကြား ပြီးခဲ့တဲ့ ဧပြီလပိုင်းကစကာ နှစ်ဖက်တိုက်ပွဲတွေ အကြီးအကျယ်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့သလို စစ်ကောင်စီတပ်ရဲ့ ကာကင်းစခန်းနဲ့ ဂိတ်စခန်းအချို့ကို ပူးပေါင်းတပ်က သိမ်းပိုက်ရရှိခဲ့ပါတယ်။
ဒါဟာ KNU နယ်မြေအတွင်း ပြင်းထန်လာနေတဲ့ တိုက်ပွဲအခြေအနေတွေနဲ့ တိုက်ပွဲတွေထဲမှာ စစ်ကောင်စီတပ်က အရပ်သားပြည်သူလူထုအပေါ် ဆက်တိုက် ပစ်မှတ်ထားလာနေတာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ၊ ဒရုန်းဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံး ဒဏ်ရာရရှိခဲ့သလို စစ်ဘေးရှောင်နေရတဲ့ အရပ်သားဦးရေတွေလည်း ထပ်တိုးလာနေတယ်လို့ ကရင်အရပ်ဖက်အဖွဲ့တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media