တနင်္သာရီ၊ မေ ၂၂

ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်တဲ့ တနင်္သာရီတိုင်းက နှစ်ဖက်တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ပိုမိုအသုံးပြုလာတယ်လို့ တော်လှန်ရေးအင်အားစုတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အထူးသဖြင့် သူတို့ရဲ့ တပ်စခန်းတွေ တိုက်ခိုက်ခံရတာ၊ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခံရတဲ့ အခြေအနေတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေကို ပိုမိုအသုံးပြုလာတာ ဖြစ်ပါတယ်။

အဲဒီထဲမှာ ထိုင်း-မြန်မာနယ်စပ်အနီး ထားဝယ်အရှေ့တောဒေသရှိ ထီးထဗျူဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်ချိန်နဲ့ ထားဝယ်-မြိတ် ပြည်ထောင်စုလမ်းပေါ် သရက်ချောင်းမြို့နယ်ရှိ ဝင်းဝရဲစခန်း တိုက်ခိုက်ခံရချိန်မှာ လေကြောင်းပစ်ကူတောင်းခံပြီး အပြင်းအထန်ခုခံခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေ ရှိနိုင်တဲ့ နေရာတွေအပြင် အရပ်သားပြည်သူနေထိုင်ရာ ကျေးရွာတွေကိုပါ တိုက်လေယာဉ်၊ ရဟတ်ယာဉ်နဲ့ သယ်ယူပို့ဆောင်ရေးလေယာဉ်တွေ အသုံးပြုကာ ဗုံးကြဲတိုက်ခိုက်တာအပြင် စက်သေနတ်နဲ့ ပစ်ခတ်တာတွေ ဆက်တိုက်လုပ် ဆောင်ခဲ့တာပါ။

ထားဝယ်ခရိုင် တပ်ပေါင်းစု ပြန်ကြားရေးတာဝန်ခံက စခန်းသိမ်းတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူလာရင် လက်နက်ချမယ့် စစ်ကောင်စီတပ်သားတွေ လက်နက်မချတော့ဘဲ ပြန်လည်ခုခံတဲ့ အခြေအနေတွေ ဖြစ်လာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အဓိကက ဒီစခန်းသိမ်းတိုက်ပွဲတွေမှာ လေကြောင်းပစ်ကူတွေလာရင် ဒီကလက်နက်ချမယ့် စစ်ကောင်စီဘက်က ကောင်တွေက လက်နက်မချတော့ဘဲ ပြန်လည် ခုခံတဲ့ဟာတွေ ဖြစ်လာတယ်။ ပွဲက ပိုကြာသွားတယ်ပေါ့။ တစ်ခါတစ်လေ ကျွန်တော်တို့ဘက်ကလည်း ပြန်ဆုတ်လိုက်ရတဲ့ အနေအ ထားမှာ ရှိတယ်ပေါ့။ အဲဒီလိုမျိုး ရှိတဲ့ခါကျတော့ သူတို့ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပိုပြီးတော့ အားရှိသွားတာပေါ့” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်း တနင်္သာရီတိုင်းမှာ လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၄၅ ကြိမ်ထက်မနည်းရှိခဲ့ပြီး ပြီးခဲ့တဲ့ မတ်လနဲ့ နှိုင်းယှဉ်ရင် လေကြောင်းတိုက်ခိုက်မှု အကြိမ်အရေအတွက် နှစ်ဆကျော် မြင့်တက်လာခဲ့ပါတယ်။

တစ်ဖက်မှာလည်း တနင်္သာရီတိုင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် တော်လှန် ရေးတပ်ဖွဲ့တွေ ထိခိုက်တာတွေ ရှိပေမယ့် အရပ်သားထိခိုက်သေဆုံးတာတွေ ပိုများခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း တနင်္သာရီတိုင်းက တိုက်ပွဲတွေမှာ စစ်ကောင်စီက လေကြောင်းပစ်ကူအနေနဲ့ မြိတ်လေတပ်က လေယာဉ်တွေ အများဆုံးအသုံးပြုခဲ့ပြီ စုစုပေါင်းအကြိမ် ၂၀ ကျော် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.