ကော့ကရိတ်၊ မေ ၂၂
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် လေးတိုင်ကျေးရွာမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူနှစ်ဦး ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသလူမှုကူညီရေးအဖွဲ့ဝင်တွေထံကနေ သိရပါတယ်။
မေ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်လောက်မှာ စစ်ကောင်စီတပ်ရဲ့ ဂျက်ဖိုက်တာ တိုက်လေယာဉ် တစ်စီးဟာ အံကောင်းကျေးရွာနဲ့ လေးတိုင်ကျေးရွာဘက်ကို ဗုံးလေးလုံး လာရောက်ကြဲချသွားတာပါ။
လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး အမျိုးသားတစ်ဦးကတော့ ပြင်းထန်ဒဏ်ရာကြောင့် ဆေးကုသဖို့သယ်ဆောင်သွားစဉ် လမ်းမှာပဲ သွေးထွက်လွန်ကာ သေဆုံးသွားပါတယ်။
ကော့ကရိတ်နဲ့ကျုံဒိုးမြို့ ဝန်းကျင်မှာ မေ ၂၁ ရက်နေ့အထိ တိုက်ပွဲတွေဆက်ရှိနေပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းကနေ ဗုံးကြဲနေသလို အခြေစိုက်တပ်ရင်းတွေကလည်း လက်နက်ကြီး ပစ်ခတ်မှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေ ၁၉ ရက်နေ့ကလည်း ကျုံဒိုးမြို့ အမှတ် ၄ ရပ်ကွက် ကျွန်းကလေးအပိုင်မှာ စစ်ရှောင်နေရာကနေ နေအိမ်ခဏပြန်လာတဲ့ CDM ကျောင်းဆရာတစ်ဦး လက်နက်ကြီးစထိမှန် သေဆုံးသွားတယ်လို့ သိရပါတယ်။
ကော့ကရိတ်မြို့နဲ့ကျုံဒိုးမြို့အနီး နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့လေ ကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂၀ ထက်မနည်း သေဆုံးထားပြီး ဒဏ်ရာရသူ ၄၀ နီးပါးအထိ ရှိလာခဲ့တာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media