အမှန်/အမှား
++++++++++++
မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။
ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။
ဒီကနေ့မှာတော့“မကွေးတိုင်း ဆောမြို့နယ် အညာကတင်းကျေးရွာ စာသင်ကျောင်း ဗုံးကြဲမှု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF အများအပြား သေဆုံးတယ်”ဆိုပြီး စစ်ကောင်စီဘက်က သတင်းမှားဖြန့်ချီနေတဲ့အကြောင်းကို စိစစ်ပေးသွားမှာပါ။
ဒီအကြောင်းကို စစ်ကောင်စီတပ် လော်ဘီတွေရဲ့ တယ်လီဂရမ်ချန်နယ်တွေဖြစ်တဲ့ ကျော်စွာ၊ မှိုင်းဝေ၊ဟန်ငြိမ်းဦးစတဲ့ ချန်နယ်တွေမှာ မေ ၁ ရက်နေ့ကစပြီး ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။
ဖြစ်စဉ်မှာတော့ မကွေးတိုင်း ဆောမြို့နဲ့ ၂ မိုင်ခန့်အကွာ အညာကတင်းကျေးရွာ အလယ်တန်းကျောင်းဝန်းကျင်ကို မေ ၁ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးအပါအဝင် အမျိုးသမီး လေးဦး သေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်ကို လွတ်လပ်သော သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
စာသင်ကျောင်အနီးမှာရှိတဲ့ နေအိမ်တွေက ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးခဲ့ကြပြီး သေဆုံးသူ လေးဦးမှာ အသက် ၆၅ နှစ်အရွယ် ဒေါ်မကြည်လေး၊ အသက် ၅၂ နှစ်အရွယ် ဒေါ်တင်တင်ခိုင်၊ အသက် ၃၈ နှစ်အရွယ် ဒေါ်မပြားသာနဲ့ အသက် ၈ နှစ်အရွယ် မခွန်းဆက်ချိုတို့ ဖြစ်တယ်လို့ မြေလတ်အသံသတင်းဌာနမှာ ဖော်ပြထားပါတယ်။
ဗုံးကြဲခံရတဲ့ ဆောမြို့နယ် စာသင်ကျောင်းဟာ PDF တပ်ရင်းတပ်ဖွဲ့တွေ တပ်စွဲနေထိုင်မှုလည်း မရှိဘဲ အဲဒီစာသင်ကျောင်း ပိတ်ထားတာ ကာလအတန်ကြာပြီလို့ ဒေသခံတွေရဲ့ ပြောဆိုချက်ကို Myanmar nowသတင်းဌာနက ဖော်ပြထားပါတယ်။
လွတ်လပ်တဲ့ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ အညာကတင်းကျေးရွာအနီး မြေပြင်တိုက်ပွဲမရှိသလို တော်လှန်ရေးအင်အားစုတွေလည်း တပ်စွဲနေရာယူထားမှု မရှိဘူးလို့ စိစစ်တွေ့ရှိရပါတယ်။
မြေလတ်အသံသတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းလင့်
Myanmar now သတင်းဌာနမှာ ဖော်ပြထားတဲ့လင့်
ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။
သံလွင်တိုင်းမ်