မိုးကုတ်၊ မေ ၃

တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့အနောက်ပိုင်းကသဲ ရပ်ကွက်မှာရှိတဲ့ အနောက်ကျောင်းကို စစ်ကောင်စီက လေကြောင်းနဲ့ ထပ်မံတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က မေ ၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ဒီနေ့ မေ ၃ ရက် မနက် ၉ နာရီဝန်းကျင်ခန့်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံး ၁ လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့တဲ့အပြင် နေ အိမ်လည်း ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

မေ ၂ ရက် ည ၁၁ နာရီ ၄၅ မိနစ်အချိန်ခန့်မှာလည်း စစ်ကောင်စီတပ်က လေကြောင်းနဲ့ ပေါင် ၂၅၀ ဗုံး ၂ လုံး လာရောက်ကြဲချတိုက်ခဲ့ပြီး အုတ်ပြင်ရပ်ကွက်မှာရှိတဲ့ ဓမ္မာရုံနဲ့ လူနေအိမ် ၆ လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါဟာ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဧပြီ ၂၈ ရက်နဲ့ ၂၉ ရက်တို့က ကျင်းပတဲ့ စစ်ကောင်စီနဲ့ နှစ်ဖက်ဆွေးနွေးပွဲမှာ သဘောတူညီမှုမရဖြစ်ခဲ့ပြီးတဲ့နောက် TNLA ထိန်းချုပ်နယ်မြေထဲကို လေကြောင်းကနေ ဆက်တိုက် တိုက်ခိုက်မှုဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ TNLA ထိန်းချုပ်တဲ့ မြို့နယ်တွေမှာ စစ်အင်အား ဖြည့်တင်းတာ၊ ထိုးစစ်ဆင်တာနဲ့ တိုက်ပွဲဖြစ်ပွားတာမရှိတဲ့နေရာတွေ ပြည်သူလူထုတွေ ရှိရာနေရာတွေကို လေကြောင်းနဲ့ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲချတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့လည်း ထုတ်ပြန်ချက်ထဲ ဖော်ပြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.