မော်လမြိုင် ၊ မေ ၃

ရာသီဥတုဖောက်ပြန်မှုနဲ့အတူ ဆားအထွက်နှုန်း ကျဆင်းမှုကြောင့် မွန်ပြည်နယ်ထွက် နေလှန်ဆားဈေး စံချိန်တင်မြင့်တက်လာတယ်လို့ ဆားတောင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဆားမထွက်မီက တစ်ပိဿာ ကျပ် ၂၀၀ ဝန်းကျင်သာရှိခဲ့တဲ့ နေလှန်းဆားကြမ်းဈေးဟာ အခုမေလ ပထမအပတ်ကစပြီး တစ်ပိဿာကို ကျပ် ၆၅၀ ဝန်းကျင်ထိ စံချိန်တင် ဈေးနှုန်းမြင့်တက်လာခဲ့တာပါ။

နေလှန်ဆားကြမ်းဈေးဟာ ရာသီဥတုဖောက်ပြန်မှုကြောင့် ဆားအထွက်နှုန်း သိသိသာသာ ကျဆင်းလာတာ၊ တခြားဒေသတွေကပါ လာရောက်ဝယ်ယူကြတဲ့အတွက် ဆားဈေးနှုန်း ခုန်တက်လာတာ ဖြစ်တယ်။

ဆားတောင်သူတစ်ဦးကတော့ နေလှန်းဆားဈေးနှုန်း မြင့်တက်လာရတာဟာ ဆားအထွက်နှုန်း ထက်ဝက်ကျဆင်းလာမှုနဲ့အတူ ရန်ကုန်ဘက်က လာရောက်ဝယ်ယူမှုကြောင့်လို့ ပြောပါတယ်။

“ဆားက ဒီနှစ်က ထက်ဝက်ကိုကျသွားတယ်။ ပြီးလို့ရှိရင် အခု ဆားဈေးတက်တာက ဒီကြိတ်စက်သမားတွေ ဝယ်လို့ တက်တာမဟုတ်ပါဘူး။ ဟိုရန်ကုန်ဘက်ကဈေးက ဧရာဝတီဘက်က ဆားက သိပ်မရှိတဲ့အခါကျတော့ ဒီဘက်ခြမ်းကို ရောက်လာတဲ့အခါကျတော့ ဈေးက အဲဒီလိုမျိုး မြင့်တက်သွားတာ။ ဆားဈေး တစ်ထောင်ရရင်တောင် တောင်သူတွေက ဆားမှမရှိတာ ဘယ်လိုသွားရမလဲ” လို့ ဆိုပါတယ်။

နေလှန်းဆားဈေးနှုန်း ခုန်တက်လာပေမယ့် ဆားအများစုဟာ တောင်သူတွေ လက်ထဲမှာ မရှိတော့ဘဲ သိုလှောင်သူနဲ့ ပွဲစားတွေမှာသာ အများစုရှိတာကြောင့် ဆားတောင်သူတွေအနေနဲ့ ဈေးနှုန်း မြင့်တက်မှုအပေါ် အကျိုးခံစားခွင့်မရှိဘူးလို့ သူက ဆက်ပြောပါတယ်။

တဖက်မှာလည်း နေလှန်းဆားလုပ်ငန်းတွေဟာ အချိန်အခါမဟုတ် ရာသီဥတုဖောက်ပြန်ပြီး ဧပြီလအတွင်း နေ့စဉ်နီးပါး မိုးရွာသွန်းခဲ့တဲ့အတွက် ဆားရာသီမကုန်ခင် လုပ်ငန်းတွေ ရပ်နားလိုက်ရတာကြောင့်လည်း ဆားအထွက်နှုန်း သိသိသာသာ လျော့ကျခဲ့တာပါ။

ဒါ့အပြင် ဆားရာသီကာလအတွင်း ကျွမ်ကျင်း လုပ်သား ရှားပါးတာ၊ စက်သုံးဆီ ဈေးနှုန်း မြင့်တက် နေတာအပြင် အထွေထွေ ကုန်ကျစရိတ် ကြီးမြင့်မှုတွေကြောင့် ဆားလုပ်ငန်းတွေကို လျော့ချ လုပ် ကိုင်ခဲ့ကြတဲ့အတွက်ကြောင့်လည်း ဆားအထွက်နည်းခဲ့တာ ဖြစ်တယ်လို့ ဆားတောင်သူတွေက ပြောကြပါတယ်။

မွန်ပြည်နယ်မှာတော့ နေလှန်းဆားလုပ်ငန်းကို ပေါင်၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်တွေမှာ အဓိက လုပ် ကိုင်ကြတာဖြစ်ပြီး နှစ်စဉ် ဆားတန်ချိန် ၄၀၀၀၀ ကျော် ထွက်ရှိနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.